Monday, July 20, 2020

ဧရာဝတီတိုင်းအတွင်းမှ ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများ မဖွင့်သေးသော်လည်း ခရီးသွားများရောက်လာ၍ ပြန်လွှတ်နေရပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း သိရ

ဧရာဝတီတိုင်းကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်ခွင့် မပြုသေးသော်လည်း ခရီးသွားများရောက်ရှိလာသဖြင့် တားမြစ်ခဲ့ရကြောင်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။
ကိုဗစ်ရောဂါ ဖြစ်ပွားနေသဖြင့် ပိတ်ထားသော ကမ်းခြေဟိုတယ်နှင့် တည်းခိုခန်းများ ပြန် လည်ဖွင့်လှစ်နိုင်ရန် ဌာနဆိုင်ရာများနှင့် အဖွဲ့ပေါင်းစုံပါဝင်သော ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ က သတ်မှတ်စည်းကမ်းချက်များ နှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးမှု များ ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို အချို့သော သတင်းဌာနများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ကမ်းခြေများ ပြန်လည်ဖွင့်လှစ် ကြောင်း ရေးသားဖော်ပြမှုများရှိ သည်ဟု ဦးကျော်သူက ပြော သည်။
ယင်းကြောင့် အာဇာနည်နေ့နှင့် တိုက်ဆိုင်သည့် အစိုးရရုံး ပိတ်ရက် သုံးရက်တွင် ကမ်းခြေများသို့ ဧည့်သည်များ အပန်းဖြေအနားယူရန် ရောက်ရှိလာသည် ဟု ၎င်းကပြောသည်။
‘‘လာမယ့် တစ်ပတ်ကစပြီးတော့ ကမ်းခြေဟိုတယ်တွေ၊ တည်းခိုခန်းတွေကို စစ်ဆေးမှု တွေ ဆောင်ရွက်မှာပါ၊ စစ်ဆေးမှုတွေပြီးလို့ သတ်မှတ်စည်းကမ်းနဲ့ညီတဲ့ ဟိုတယ်တွေကိုအစိုးရအဖွဲ့ကိုတင်ပြရမှာပါ။ အစိုးရအဖွဲ့အစည်းအဝေးကနေ ခွင့်ပြုကြောင်း ဆုံးဖြတ်မှ ဟိုတယ်၊ တည်းခိုခန်းတစ်ခုချင်းစီကို ဖွင့်လှစ်ခွင့်ပြုမှာပါ’’ဟု ဦးကျော်သူကပြောသည်။
လက်ရှိတွင် ထိုသို့ဧည့်သည် များ လာရောက်ခဲ့သဖြင့် အချို့ ဟိုတယ်နှင့်တည်းခိုခန်းများသည် ဧည့်သည် လက်ခံမှုများ ရှိခဲ့သည်။ ယင်း ကြောင့် ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များအကြား တိုင် ကြားမှုများရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ရောက်ရှိနေသည့် ဧည့်သည်များအား ပြန်လည်စေလွှတ်ခဲ့ပြီး လာရောက်ဆဲ ဧည့်သည်များကိုလည်း မြို့အဝင် ဂိတ်များတွင် စိစစ်၍ ပြန်လွှတ် လျက်ရှိကြောင်း ဦးကျော်သူက ပြောသည်။
‘‘ခရီးသွားထောက်ခံစာ ပါတယ်။ အလုပ်ကိစ္စနဲ့ လာတဲ့သူ တွေကိုတော့ လက်ခံပါတယ်။ အပန်းဖြေဖို့ လာတဲ့သူတွေကို တော့ လက်ခံတာမျိုး မရှိပါဘူး။ အကယ်၍ မလိုက်နာရင်တော့ ဥပဒေအရပဲ အရေးယူရမှာပါ’’ ဟု ဦးကျော်သူက ပြောသည်။
တိုင်းစည်ပင်ဝန်ကြီး ဦး ကျော်မြင့်ကလည်း ဧရာဝတီတိုင်း ရှိ ကမ်းခြေများ ဖွင့်လှစ်ခွင့်မပြု သေးကြောင်း၊ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အ သိပေးရေးသားထားသည်။
ဧရာဝတီတိုင်းတွင် စည်ပင်သာယာရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် တည်းခိုခန်း ၄၅၅ လုံးရှိပြီး ယင်းအနက် စိစစ်ပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် တည်းခိုခန်း ၂၉၈ လုံးရှိကြောင်း ဝန်ကြီးဦးကျော်မြင့်ကပြောသည်။
အလားတူ ဟိုတယ်နှင့်ခရီးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဟိုတယ် ၁၆ လုံး၊ မိုတယ်နှစ်လုံး နှင့် တည်းခိုခန်း ၁၆ လုံးအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ် သည်ဟု ၎င်းကဆိုသည်။ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း များတွင် ကမ်းခြေဒေသများမှ မပါဝင်သေးကြောင်း သိရသည်။
Crd : 7day

0 comments:

Post a Comment