Tuesday, July 14, 2020

အသစ်ထုတ်ဝေမည့် ကျပ် ၅၀၀ တန်များကို ပြည်သူထံသို့ များများ ရောက်ရှိရေး လစာအတွင်း ထည့်သွင်း ဖြန့်ချိမည်ဖြစ်ကြောင်းသိရ

လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည့် ကျပ် ၅၀၀ တန်များကို ပြည်သူထံသို့ များများနှင့် မြန်မြန် ရောက်ရှိရေး လစာများအတွင်း ထည့်သွင်း ဖြန်ချိမည် ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
"ဗဟိုဘဏ်က ငွေစက္ကူထုတ်တယ် ဆိုရင် ဘဏ်တွေအားလုံးကို ထုတ်ပေးလိုက်တာ။ နိုင်ငံပိုင်ဘဏ်တွေ ဆိုရင်တော့ ဖြန်ဝေတဲ့အခါ လစာထဲမှာ ထည့်ပေးတာ တွေလုပ်တယ်။ လစာထဲမှာထည့်ပေးပါလို့ ဗဟိုဘဏ်က တိုက်တွန်းပေးတယ်။ တစ်ပြည်လုံးကို အခု ဖြန့်ပြီးသား။ ထုတ်တဲ့နေ့မှာ အချိန်ကိုက်ဆိုရင်လည်း လစာထဲမှာ ထည့်ပေးတယ်။ ပုံမှန်လည်း ထည့်ပေးတယ်။ ပုံစံအသစ်ပဲ ဖြစ်ဖြစ် ငွေစက္ကူအသစ်ပဲ ဖြစ်ဖြစ်၊ ပြည်သူထဲကို များများနဲ့ မြန်မြန်ရောက်အောင် ဆိုရင် လစာထုတ်တဲ့အခါမှာ ထည့်ပေးလေ့ ရှိပါတယ်။ အခု ၅၀၀ တန်မှာလည်း လစာထဲ ထည့်ပေးပြီး ဖြန့်ဝေ မှာပါ'' ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက မြန်မာတိုင်းမ်ကို ပြောသည်။
ထို့ပြင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဇွန် ၁၅ ရက်က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဦးစိုးမင်းက ပြောကြားသည်။
"အရင်ကသုံးနေတဲ့ အဟောင်းတွေ ရှိနေတဲ့အတွက် သိပ်ပြီးတော့ မပြန့်တာလည်းရှိပါတယ်။ ကန့်သတ်ပြီးတော့ ထုတ်တာမျိုးတော့ မရှိပါဘူး။ အသစ်ထုတ်ပြီဆိုရင်တော့ ဆက်တိုက် ထုတ်သွားတာပါပဲ။ ကျန်နေသေးတဲ့ ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေကို ထုတ်ရင်လည်း အခုရှိနေတဲ့ လုံခြုံရေး စနစ်ထက် ပိုကောင်းတဲ့ လုံခြုံရေးစနစ်မျိုး အသုံးပြု သွားမှာပါ'' ဟု ဦးစိုးမင်းက ပြောသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့သည့် ကျပ် ၁၀၀၀ တန်များမှာ ထုပ်လုပ်မှု နည်းပါးခြင်းကြောင့် ပြည်သူများလက်အတွင်းသို့ ရောက်ရှိမှုနည်းပါးခဲ့သည့် အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငွေစက္ကူများ ထုတ်လုပ် အသုံးပြုခဲ့သည်။ ထို့နောက် မဆလ ၊ နဝတ၊ နယက လက်ထက်တို့၌ ငွေစက္ကူများ၌ အခြား ရုပ်ပုံများဖြင့် အစားထိုး အသုံးပြုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တစ်ထောင်တန်ငွေစက္ကူကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပထမဆုံးအကြိမ် ပြန်လည် ထုတ်ဝေခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့ကာ ယခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငါးရာကျပ်တန် ငွေစက္ကူကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
Crd : myanmar times #Myanmar_Online_News

0 comments:

Post a Comment