Saturday, July 18, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အသိပညာ၊ အတတ်ပညာစသည့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် များစွာမူတည်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းသည် တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်နိုင်ရေးနှင့် ပညာရေးကို အလေးထားတည်ဆောက်လျက်ရှိကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည့် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြ သည်။
ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင့်၊ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်၍ ‘သိပ္ပံခန်း၊ ကွန်ပျူတာခန်း၊ Language-Lab ၊ စာကြည့်တိုက်နှင့် စာသင်ခန်းများအား လှည့်လည် ကြည့်ရှုကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လိုက်လံရှင်းလင်းပြသ ကြသည်။
ထို့နောက် ကျောင်းခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မှော်ဘီတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းဆောင်သစ် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးပရိဘောဂများကို ပေးအပ်လှူဒါန်းရာ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်ကလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းစိမ်းဝတ်စုံများကို ပေးအပ်လှူဒါန်းရာ အထက်တန်းပြ ဆရာမ ဒေါ်နီနီခင်ကလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင် ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲသည် မြေနေရာအသစ်တွင်ဖွင့်လှစ်ခြင်းဖြစ်သဖြင့် ထူးခြားသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဋ္ဌာနကိုယ်စား ကျေးဇူးတင်စကားပြောကြားရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုဆောက်လုပ်ပေးသည့် ကျောင်းဆောင်မှာ ယူပုံသဏ္ဍန် RC နှစ်ထပ်စာသင်ဆောင် ဖြစ်ပြီး စာသင်ခန်းပေါင်း ၃၀ ခန်း၊ ခန်းမတစ်ခုတို့ပါဝင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားမှုတွင် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆရာစားပွဲနှင့် ကုလားထိုင် ၂၆ စုံ၊ တစ်ယောက်ထိုင်စာရေးခုံ အလုံး ၁၀၀ တို့ကိုလည်း ဆောင်ရွက်ပေးထားသည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် သင်ကြားရေးလုပ်ငန်း နှင့် ကျောင်းရုံးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် Computer ၅ လုံး၊ Printer ၃ လုံး၊ မိတ္တူကူးစက် ၁ လုံးအပြင် သိပ္ပံခန်းသုံး သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ထားသည့်အတွက် သင်ကြားရေးလုပ်ငန်းများကို ထိရောက်စေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် သန့်စင်သောသောက်သုံးရေ ရရှိရေးအတွက်လည်း ရေစင် ၂ ခုပါဝင်ပါကြောင်း၊ စက်ဘီးရပ်နားရန်နေရာ၊ မုန့်ဆိုင်တန်းများအပြင် စုပေါင်းတန်းစီကွင်းကိုပါ ဆောင်ရွက်ပေးထားပါကြောင်း၊ ယခုကဲ့သို့ စံချိန်မီ ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ်စီမံပေးသည့်အတွက် ကျောင်းတွင်တာဝန်ထမ်းဆောင်ရသော ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားရသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ကံကောင်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ စံချိန်မီ ကျောင်းဆောင်၊ ပရိဘောဂနှင့် အသုံးအဆောင်များကို ပြည့်စုံအောင်စီမံဆောက်လုပ်ပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ကျောင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာအနီး မှော်ဘီလေတပ်စခန်းအတွင်း၌ ၁၉၅၈ ခုနှစ်တွင် တပ်တွင်းမူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၉ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် တပ်တွင်းမှ တပ်အဝင်၀နေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုမြေနေရာ ပြောင်းလဲမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆူညံသံကင်းစွာဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခင်ကျောင်းဆောင်ဟောင်းကို စံပြုအထက်တန်းကျောင်းပုံစံဖြင့် ယခုနေရာတွင် အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလ ၂၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ သတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့်အညီ တစ်ခန်းလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးစီဖြင့် သင်ကြားပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment