Wednesday, July 15, 2020

လူတို့စွန့်ပစ်သည့် နှာခေါင်းစည်းနှင့်လက်အိပ်များကြောင့်ဥရောပမြစ်ရေညစ်ညမ်းမှုများ ဖြစ်ပွားနေကြောင်း လေ့လာတွေ့ရှိဟု သိပ္ပံပညာရှင်များဆို

ဥရောပ၏ အဓိကမြစ်ကြီးများတွင် လူတို့စွန့်ပစ်ထားကြသော နှာခေါင်းစည်းများနှင့် လက်အိပ်များစွာ ရောက်ရှိနေကြကြောင်း သုတေသီသပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါ စွန့်ပစ်အမှိုက်များကြောင့် ဥရောပတိုက်၏ အဓိကရေပြင်များဝယ် ရေထုညစ်ညမ်းမှုများဖြစ်ပေါ်နေလျှက်ရှိကြောင်း Tara Ocean သုတေသနဖောင်ဒေးရှင်းက France Inter ရေဒီယိုမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက သုတေသနပြုချက်များအရ ကိုရိုနာဗိုင်းရပ်စ်ရန်မှ ကာကွယ်ရန် လူတို့အသုံးပြုပြီး စွန့်ပစ်ထားကြသော အဆိုပါ နှာခေါင်းစည်းများနှင့် လက်အိပ်များတို့သည် ဥရောပတလွှားရှိ မြစ်များနှင့် မြစ်ကမ်းပါးများတလျှောက်ဝယ် များစွာရောက်ရှိနေကြသည်ကိုတွေ့ရကြောင်း အဆိုပါဖေါင်ဒေးရှင်း၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးဆောင်ပုဂ္ဂိုလ် ရိုမီ ဟန်တင်ဂျာကပြောသည်။
''အဲဒီကိစ္စဟာ စိုးရိမ်စရာပါပဲ။ ပင်လယ် သမုဒ္ဒရာတွေထဲမှာလဲ တခြား နှာခေါင်းစည်းတွေနဲ့ လက်အိပ်တွေ ရောက်နေကြဦးမှာပါပဲ"ဟု ရိုမီ ဟန်တင်ဂျာကပြောသည်။
တစ်ခါသုံး လက်အိပ်များနှင့် နှာခေါင်းစည်းများကို ပိုလီပရိုပိုင်လင်း ဓာတုပစ္စည်းမှပြုလုပ်ထားခြင်းဖြစ်ပြီး ပင်လယ်သမုဒ္ဒရာများထဲသို့ရောက်လျှင် လျှင်မြန်စွာပြန့်ကျဲပြိုကွဲလေ့ရှိခြင်းကြောင့် ပြန်လည်စုစည်းဆယ်ယူရန်မမဖြစ်နိုင်တော့ကြောင်းကိုလည်း သူကဖြည့်စွက်ပြောကြားသည်။
Tara Foundation သည် ယခုအခါတွင် ဥရောပရှိ အဓိကမြစ်ကြီး ကိုးခုအား သုတေသနပြု စစ်တမ်းကောက်ယူပြီးဖြစ်သည်။အဆိုပါမြစ်ကြီးများအတွင်းမှ ရေနမူနာများကို စုဆောင်း၍ လေ့လာခဲ့ခြင်းဖြစ်သည်။
"ကျွန်မတို့ရဲ့ သိပ္ပံပညာရှင်တွေဆီက နောက်ဆုံးအဖြေကို စောင့်နေပါတယ်"ဟု ရိုမီ ဟန်တင်ဂျာကပြော သည်။ ယခင်က တွေးထင်ခဲ့ကြသလို အဆိုပါပလပ်စတစ်ဓာတုပစ္စည်းများသည် ခရမ်းလွန်ရောင်ခြည်နှင့် ဆားတို့ကြောင့် ပြိုကွဲပျက်စီးမှု မဖြစ်နိုင်ဟူသည့် အချက်နှင့် ယခုလေ့လာတွေ့ရှိချက်တို့ မတူခြားနားနေကြောင်းတွေ့ရသည်ဆို၏။
ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာထဲတွင် ပလပ်စတစ်ပစ္စည်းများ တန်ချိန် ၈ သန်းမျှ နှစ်စဉ် ရောက်ရှိနေလျက်ရှိကြောင်း သိရှိရသည်။
Ref ; Popular

0 comments:

Post a Comment