Tuesday, July 14, 2020

မန္တလေး ပြည်ကြီးမင်္ဂလာကားကွင်းအတွင်း ရပ်ထားသော (၁၂)ဘီးကားပေါ်မှ ကျပ်သိန်း(၇၅၀၀)ကျော်တန် ထိန်းချုပ် ဓာတုပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ၊ ပိုင်ရှင်ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ပြည်ကြီးမင်္ဂလာကားကွင်း၊ ကုန်တင်ယာဉ် ရပ်နားစခန်းတွင် ရပ်တန့်ထားသော (၁၂)ဘီးမော်တော်ယာဉ်ပေါ်မှ ကျပ်သိန်း (၇၅၀၀)ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပေပါများ ဇူလိုင်(၁၃)ရက် နေ့လည်ပိုင်းက ပိုင်ရှင်မဲ့ အနေဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း မူုးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပေပါများ တွေ့ရှိသိမ်းဆည်းရမိခဲ့မှုနှင့် ပတ်သက်၍ အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၆(ခ)ဖြင့် အမှု့ဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။
ဇူလိုင်(၁၃)ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးမင်္ဂလာကားကွင်း၊ ကုန်တင်ယာဉ် ရပ်နားစခန်းတွင် ရပ်တန့်ထားသော Nissan Diesel အမျိုးအစား (၁၂)ဘီး မော်တော်ယာဉ်အား သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်ပေါ်တွင် တင်ဆောင်ထားသော ပလတ်စတစ်ပေပါများဖြင့် ထည့်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅၆)ပေပါ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း (၇၅၆၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ခ)အရ မည်သူမဆို သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ထုတ်လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းဖြစ်သည်ဟု ကြေညာထားသည့် ပစ္စည်းကိရိယာများ၊ ဓာတုဗေဒပစ္စည်းများကို ဤဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ပြီးခဲ့သည့် ဇူလိုင်(၇)ရက် နေ့လည်ပိုင်းကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရဲရွာကျေးရွာ၊ ပြင်စာ-ကျောက်ဆည်သွားလမ်း၊ ဒုဌဝတီမြစ်ကူးတံ တားအနီး လမ်းဘေးခြုံပုတ်အတွင်းမှ (၄၄၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Photo - မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment