Saturday, July 18, 2020

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းပါး ပေ ၄၀၀၀ နီးပါးပြိုကျ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ အရှေ့ဘက်ကမ်းညောင်ဝန်းကျေးရွာမှာ ချင်းတွင်းမြစ်ကမ်းပါး ပြိုမှုကြောင့် ဒေသခံတွေရဲ့ အိုးအိမ်တွေရေထဲမျောပါသွားမှာ စိုးရိမ်စရာတွေ ဖြစ်ပေါ်နေပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ချင်းတွင်းမြစ်ရေမြင့်တက်လာတာနဲ့အတူ ညောင်ဝန်းကျေးရွာက မြစ်ကမ်းပါးဟာ နေရာကွက်ကြား စုစုပေါင်း ပေ ၄၀၀၀ လောက် ပြိုကျသွားတယ်လို့ သိရပါတယ်။
မော်လိုက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက “ကမ်းပြိုတဲ့အနေထားတာ ကျေးရွာဘုန်းကြီးကျောင်းနဲ့တော့ ကပ်သွားပြီ။ လတ်တလော ကမ်းဘေးက အိမ်တစ်လုံးကတော့ အန္တရာယ်များလို့ လူရွှေ့သွားပြီ၊ အခုက ဟိုနေရာက ပြိုလိုက် ဒီနေရာ ပြိုလိုက် နေ့ညမပြတ် ဖြစ်နေတာ။ ဒီ့ထက်အခြေနေဆိုးလာရင် ပြောင်းရမယ့် အိမ်ခြေတွေ တော်တော်များများရှိတယ်။”လို့ပြောပါတယ်။
နောက်ထပ် မိုးတွင်းမှာ ကမ်းပါးထပ်ပြိုကျပါက ရွာလုံးကျွတ်ပါသွားနိုင်တာကြောင့် ပြည်ထောင်စုဘတ်ဂျက်ကနေ တောင်းခံဖို့ စိတ်ကူးထားတယ်လို့ လည်းပြောပါတယ်။
“ကျနော်တို့အနေနဲ့ ပြည်ထောင်စုအရေးပေါ်ရံပုံငွေ တောင်းခံဖို့ စိတ်ကူးထားတယ်။ တိုင်းအစိုးရ ဘတ်ဂျက် ရာသီနဲ့ကြည့်တော့ ၂၀၂၀ ပြည်နှစ် တိုင်းဒေသကြီး ရေမြစ်ဖြိုး ဘတ်ဂျက် ပြီးသွားပြီလေ။ ၂၀၂၁ ဘတ်ဂျက်ကို လျာထားမယ်ဆိုရင် ၂၀၂၂ ခုနှစ်မှ အကောင်ထည်ဖော်တာဆိုတော့ ဒီလို ရေတက်ချိန်မှာ တခါ ခံရပြန်တော့မယ်။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက ပြောပါတယ်။
ကမ်းပြိုတဲ့ ညောင်ဝန်းကျေးရွာ ကမ်းပါးဟာ ရေကြောင်းကွေ့အနေထားဖြစ်ပြီး ရေစီးသန်တဲ့ အနေထားဖြစ်တယ်လို့ သိရပါတယ်။ ညောင်ဝိုင်းကျေးရွာဟာ လောင်းကောင်းကျေးရွာ အုပ်စုမှာ ပါဝင်ပြီး လူနေအိမ်ခြေ ၁၃၅ အိမ်လောက် ရှိပါတယ်။
မနှစ်ကလည်း ချင်းတွင်းမြစ်ကမ်းပါးပြိုတာကြောင့် ညောင်ဝန်းကျေးရွာမှာလူနေအိမ်ခြေ ၈ အိမ် ရွှေ့ပြောင်းခဲ့ရပြီး ကမ်းပါးပြိုမှုဟာ ဒီနှစ်မှာတော့ အဆိုးဆုံး ဖြစ်တယ်လို့ သိရပါတယ်။
Ref ; Popolay

0 comments:

Post a Comment