Monday, July 27, 2020

ဘဂ္ဂဒက်မြို့တောင်ပိုင်း စစ်အခြေစိုက်စခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

အီရတ်နိုင်ငံဘဂ္ဂဒက်မြို့တောင်ပိုင်းရှိ al-Saqr စစ်အခြေစိုက်စခန်းတစ်ခုမှာအခုလ(၂၆) ရက်နေ့ကပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်လို့ အီရတ်စစ်ဘက်က ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုတွေဟာ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပိုင်ဆိုင်တဲ့ လက်နက်ကျည်ဆံသိုလောင်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အပူချိန်လွန်ကဲမှုနဲ့ သိုလှောင်ထားပုံ နည်းလမ်းမမှန်တာတွေကြောင့် ဖြစ်တယ်လို့လည်း အီရတ်စစ်ဘက်က ပြောပါတယ်။
လူမှုကွန်ရက်မီဒီယာတွေမှာ ထွက်ပေါ်လာတဲ့ ရုပ်သံပြကွက်တွေထဲမှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားနေတာနဲ့၊ မီးခိုးလိပ်ကြီးတွေ စစ်အခြေစိုက်စခန်းကနေ ထွက်ပေါ်လာတာတွေကို မြင်တွေ့ရပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် စစ်အခြေစိုက်စခန်းပတ်ပတ်လည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအများအပြားကိုလည်း မြင်တွေ့ရပါတယ်။
ဒီစစ်အခြေစိုက်စခန်းမှာ အီရန်ကျော်ထောက်နောက်ခံပေးထားတဲ့ စစ်ဝန်ထမ်းအချို့နဲ့ အီရတ်ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်တွေကိုတော့ အီရတ်စစ်ဘက်က ထုတ်ပြန်ပေးတာမရှိပါဘူး။
Ref ; One News Myanmar

0 comments:

Post a Comment