Sunday, July 12, 2020

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ငါန်းဇွန်မြို့နယ် ထန်းဇင်လှကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များဆောင်ရွက်

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ထန်းဇင်လှကျေးရွာ၌ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ (၅)မှ တည်ဆောက်ထားသည့် မြစ်ကမ်းထိန်းနံရံ၏ အထက်ပိုင်းပေ(၁၅၀)ခန့်အကွာတွင် အလျားပေ (၂၀၀)ခန့် မြစ်ကမ်းပါးပြိုကျလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ တင်ပြချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈)နာရီခွဲက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျခြင်းဖြစ်ပေါ်လျက်ရှိသောနေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း နှင့် တာဝန်ရှိသူများမှ ယာယီကမ်းထိန်းနံရံ တည်ဆောက်ရန်လိုအပ်မည့် မျောတိုင်၊ ဝါး၊ သစ်ကိုင်း နှင့် သဲအိတ်များစသည့်လိုအပ်ချက်များအတွက် မြို့နယ်သဘာဝဘေးရန်ပုံငွေမှ အရေးပေါ်စိုက်ထုတ် သုံးစွဲစေပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ကျေးရွာနေ ပြည်သူများ၏လုပ်အားတို့ ပူးပေါင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်ပြီး မြစ်ကမ်းပါးရှိ လူနေအိမ်များ ရွှေ့ပြောင်းရန်လိုအပ်လာပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သက်နောင်ဦး(ငါန်းဇွန်)

0 comments:

Post a Comment