Monday, July 20, 2020

ဆီးရီးယားတွင် ကားဗုံး တိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ ၈၅ ဦး ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အာဇက်ဇ်ဒေသထဲမှာ ကားဗုံးနဲ့ တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးပြီး ၈၅ ယောက် ဒဏ်ရာရတယ်လို့ ဆီးရီးယား ဒေသန္တရ ဆေးရုံနဲ့ တူရကီ အစိုးရ မီဒီယာတို့က ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
တူရကီတောင်ပိုင်း ကီလစ်စ်ခရိုင်နဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ဆီးရီးယား ဆီကူရွာမှာ ကားဗုံးပေါက်ခဲ့တာလို့ တူရကီ အခြေစိုက် အနာဒိုလူ သတင်းဌာနက ပြောပါတယ်။
ဒဏ်ရာရသူ ၁၅ ယောက်ကို တူရကီနိုင်ငံဘက်က ဆေးရုံဆီ ခေါ်သွားပြီး တချို့က ဒဏ်ရာ ပြင်းထန်ပါတယ်။
သူပုန် ထိန်းချုပ်မှုအောက် ရောက်နေတဲ့ အာဇက် ဒေသကို တူရကီက ထိန်းချုပ်ထားပြီးပါပြီ။ တူရကီဟာ ဆီးရီးယားနဲ့ နယ်စပ်နားက ကာဒစ် ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို မောင်းထုတ်ဖို့ ၂၀၁၆ ခုနှစ်က ဆီးရီးယား ပိုင်နက်ထဲကို ပထမဆုံး ကျူးကျော် ဝင်ရောက်ခဲ့တာပါ။
အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ကာဒစ်ရှ် YPG တပ်တွေကို တူရကီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ စစ်ဆင်ရေးကတော့ ၂၀၁၇ ခုနှစ်မှာ ပြီးစီးခဲ့တာပါ။
ဆီးရီးယားနိုင်ငံမှာ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း လွှတ်တော်ရွေးကောက်ပွဲကိုလည်း ဇူလိုင် ၁၉ ရက်နေ့ ကျင်းပခဲ့ပါတယ်။
နိုင်ငံနယ်နမိတ် အများစုကို ပြန်သိမ်းနိုင်ခဲ့တဲ့ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ် အာဆတ်ကို အမေရိကန်က ဒဏ်ခတ်မှုအသစ် ချမှတ်ထားတာကြောင့် စီးပွားရေး ပြိုလဲနေလို့ ဆီးရီးယားအစိုးရဟာ ရုန်းကန်ရပ်တည်နေရပါတယ်။
Crd : DVB

0 comments:

Post a Comment