Wednesday, July 15, 2020

ရွေးကောက်ပွဲကာလမှာလုံခြုံရေးအတွက် အထူးရဲ ၄ သောင်းကျော်ခန့်ထားမယ်

နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အထူးရဲ ၄ သောင်းကျော်ကို ခန့်ထားမယ်လို့ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောလိုက်ပါတယ်။
ဒီနေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင် စုရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အခုလို ပြောခဲ့တာပါ။
“ရွေးကောက်ပွဲကာလ လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ သေသေချာချာ ဆောင်ရွက်မယ်။ ပြည်ထဲ ရေးလက်အောက်ကပဲ အထူးရဲ လေးသောင်းကျော်လောက်ကို သင်တန်းတွေပေးပြီး ခန့်သွားဖို့ ရှိပါတယ်။ “လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို နေရာဒေသအားလုံးမှာ ကျင်းပနိုင်ဖို့ ဆောင်ရွက်ထားပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ အခြားမကျင်းပနိုင်တဲ့အခြေအနေတွေ ကြုံလာခဲ့ရင်လည်း ဥပဒေအရ ရက်ရွှေ့ဆိုင်း ကျင်းပဖို့ ဆောင်ရွက်သွားမယ်လို့လည်း အဆိုပါ ဆွေးနွေးပွဲကတစ်ဆင့်သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ လက်ရှိ ဖြစ်နေတဲ့ COVID-19 ရောဂါရဲ့ အခြေအနေပေါ် မူ တည်ပြီး ပြည်သူလူထုမဲဆန္ဒရှင်တွေ စိတ်ချလုံခြုံစွာနဲ့ မဲပေးနိုင်အောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာ နနဲ့ ပူးပေါင်းဆောင်ရွက်ကာ အစီအမံတွေ ရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲနဲ့ အသိပညာပေးလုပ်ငန်းတွေကိုလည်း နိုင်ငံပိုင်မီဒီယာနဲ့ ပုဂ္ဂလိက မီဒီယာတွေကတစ်ဆင့် ထုတ်လွှင့်သွားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၅ ရက်က နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား/လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေး/မွေးမြူရေးနဲ့ ဆည်းမြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတာပါ။
Ref ; Duwun

0 comments:

Post a Comment