Sunday, July 19, 2020

မှတ်ပုံတင် အတုသုံးပြီး ကားအမည်ပေါက် ပြောင်းလဲသူတွေရှိနေ


မှတ်ပုံတင်အတုသုံးပြီး မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲတာတွေရှိနေတယ်လို့ ရန်ကုန်တိုင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အခု ၂၀၂၀ ခုနှစ် ပထမ ၆ လကျော်အတွင်းမှာ မှတ်ပုံတင်အတုသုံးပြီး ကားကိစ္စလာရောက်ဆောင်ရွက်သူ ၄ ဦးရှိပါတယ်။
" ယာဉ်ပိုင်ရှင်ရဲ့ နေရပ်လိပ်စာမှန်ကန်ရေးကို ဆောင်ရွက်တယ်။ ကနဦး မှတ်တမ်းတင်ထားတဲ့ မှတ်ပုံတင်ကိုယူစစ်ရတယ်။ မှတ်တမ်းထဲ သူမဟုတ်ဘူးဆိုရင် အခွန်ဆောင်စေပြီး အမည်ပြောင်းစေပါတယ်။ တချို့ကကျ ကနဦးမှတ်ပုံတင်ထားတဲ့သူပါပဲဆိုပြီး အမည်မပြောင်းဘူး။ အဲ့ချိန်မှာမှတ်ပုံတင်ကိုယူစစ်တော့ သံသယဖြစ်ဖွယ်တွေ့ရတယ်။ မှတ်ပုံတင်တွေကို သက်ဆိုင်ရာ လ.ဝ.ကကိုပို့ပြီး အကြောင်းကြားစစ်ဆေးခိုင်းလိုက်တယ်။ ဒီကာလအတွင်းမှာမိတဲ့ နှစ်စောင်ကိုတော့ ရဲစခန်းကို သတင်းပေးတိုင်ကြားလိုက်တယ်။ ကျန်တဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရဲတွေက ဆက်လက်လုပ်ဆောင်လိမ့်မယ်''လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန်းသန်းမြင့်ကပြောပါတယ်။
မှတ်ပုံတင်အတုမိခဲ့ရင် က.ည.န ရုံးကနေ လဝကကိုလွှဲပြောင်းပေးပြီး လ.ဝ.က ကနေ သက်သေ လိုက်ပေးတဲ့ပုံစံနဲ့ အတုပြုလုပ်သူတွေကို တရားစွဲဆို အရေးယူဆောင်ရွက်နေတယ်လိုလည်း သိရပါတယ်။
က.ည.န ရုံးတွေဖွင့်ပြီးနောက် ရန်ကုန်တိုင်းကညနရုံးတွေဖြစ်တဲ့ ရွာသာကြီးရုံးမှာ ၂၀၀ ကျော်၊ အနောက်ပိုင်းခရိုင်ရုံးမှာ ၆၀၀ ဝန်းကျင်၊ အရှေ့ပိုင်းခရိုင်ရုံးမှာ ၄၀၀ဝန်းကျင်၊ မြောက်ပိုင်းခရိုင်ရုံးမှာ ၃၇၀ကျော်၊ တောင်ပိုင်းရုံးမှာ ၂၀၀ ကျော် စုစုပေါင်းတစ်ရက်ကို ယာဉ်အစီးရေ ၁၈၀၀ကျော် လာရောက်ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
မော်တော်ယာဉ်ကိစ္စ လာရောက်ဆောင်ရွက်သူများပြားနေတဲ့အတွက် မှတ်ပုံတင်မှန်ကန်ရေးကို အချိန်ပေးပြီး အထူးဂရုစိုက် ကြပ်မတ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment