Wednesday, July 15, 2020

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာ၊ဆရာမ တစ်ဦးမှမရှိတဲ့ မူလတန်းကျောင်းတွေရှိလာ

ဘိုကလေးမြို့နယ်အတွင်းမှာ ရာထူးပြောင်း/ရာထူးတိုး/အပြောင်း/အသစ်ခန့် Order တွေ ထွက်ပြီးတဲ့နောက်မှာ ဆရာတစ်ဦးမှ မကျန်ရှိတော့တဲ့ မူလတန်းကျောင်းတွေ ရှိလာတယ်လို့ အဲ့ဒီဒေသက ဆရာ၊ဆရာမတွေကပြောပါတယ်။
“ဆရာတွေမရှိတော့တာက ကျေးရွာအနေနဲ့ကတော့ အကုန်ကောင်းပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ်။ ပြီးတော့ ကျေးရွာက ပညာတတ်မထွက်တော့ ဆရာ၊ဆရာမလုပ်မယ့်သူ မရှိတာပေါ့။ ကျွန်တော်ဆိုရင် မနှစ်ကမှ ပြန်ပြောင်းလာတာ အကုန်လုံးအဆင်ပြေတယ်။သွားရေးလာရေးခက်ခဲတယ်။အဲ့မှာ ကျွန်တော် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ကျစဉ်တုန်းက နှစ်ယောက်ရှိတာပေါ့။ ကျွန် တော်ပြောင်းသွားတော့ အဲ့မှာ ဆရာမတစ်ယောက်ကျန်ခဲ့တယ်။ အဲ့ဆရာမက ဒီနှစ်ပြောင်းရွေ့ပါသွားတော့ အသစ်ခန့်ထားတာ ပြန်မကျဘူးနဲ့ တူပါတယ်။ ပြောင်းရွေ့တွေကလည်း တင်ပြီးတော့ လျှောက်တာမရှိတော့။ ဝန်ထမ်းအင်အားက လုံးဝမရှိဖြစ်သွားတာပေါ့”လို့ ဆရာတစ်ဦးမှမရှိတော့တဲ့ ဘိုကလေးမြို့နယ် ကျွန်းသာယာအုပ်စု၊ မူ/လွန် ကြက်ပြေးကျောင်းမှာ သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မူလတန်းပြ ဆရာမျိုးမင်းဦးကပြောပါတယ်။
ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာတစ်ဦးမှ မရှိတော့တဲ့ ကျောင်းတွေအနေနဲ့ စာရင်းကောက်ခံထားတာမှာ ခုနှစ်ကျောင်းရှိနေပြီးတော့ အဲ့ဒီကျောင်းတွေကတော့ မူ/လွန် ကြက်ပြေး၊ အ.မ.က လမုအုပ်၊ အ.မ.က ပွတ် လုံးတိုင်၊ အ.မ.က ခါချဉ်ကျွန်း ၊ အ.မ.က ထိပ်ချောင်း၊ အ.မ.က ကြက်တညင်၊ မ(ခွဲ)ပေါင်းတည်လေး တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာမျိုးမင်းဦးက ဆက်ပြီးပြောပြတာက “အဲ့ဒီကျောင်းမှာ ကျောင်းသားကျောင်းသူက ၁၃၀လောက်ရှိတယ်။ ကျောင်းကော်မတီက ပညာရေးမှူးနဲ့ တက်တွေ့တော့ ပညာရေးမှူးက ပိတ်ရတဲ့အဆင့်အထိတော့ မထားဘူး။ မဖြစ်ဖြစ်အောင် တစ်ယောက်တော့ လုပ်ပေးမယ်လို့ ပြောထားတယ်။ ကျေးရွာကနေငှားပြီးတော့ သင်ရမယ့်အနေအထား ဖြစ်သွားတာပေါ့။ ဆရာ၊ဆရာမ မရှိတာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ဖြစ်တယ်လို့ ထင်ပါတယ်။ ကျန်တာက အကုန်အဆင်ပြေတယ်။ နေရေးထိုင်ရေးကအစပေါ့ ။ ဘိုကလေးကိုလာဖို့အတွက် မော်ကျွန်းကနေ တဆင့်လာရတယ်ဆိုတော့ နှစ်ဆင့်လာရတော့ တနေကုန်သွားရတာပေါ့။ မြို့ထဲရောက်ဖို့အတွက်။ အဲ့ဒီလိုဖြစ်တာပေါ့”လို့ ပြောပါတယ်။
အဲ့ဒီကျောင်းတွေမှာ စေတနာထား ပြောင်းရွေ့တာဝန်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ လိုချင်တယ်လို့ ဖိတ်ခေါ်ထားတာတွေရှိပြီးတော့ ဝန်ထမ်းတွေအတွက် နေရေးစားရေး အဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင် စေတနာ့ဝန်ထမ်းတွေအတွက် လစာအဆင်ပြေအောင် ညှိုနှိုင်းပေးမယ်လို့လည်း သိရပါတယ်။
Source - Voice of Myanmar

0 comments:

Post a Comment