Saturday, July 18, 2020

လွတ်လပ်စွာဖော်ထုတ်မှုကြောင့် တရားစွဲဆိုမှုတွင် အစိုးရအများဆုံးဖြစ်

လက်ရှိအစိုးရဦးဆောင်တဲ့ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာဖော်ထုတ်ပြောဆိုမှုကြောင့် တရားစွဲဆိုခံခဲ့ရတဲ့ အမှုတွေထဲမှာ အများဆုံးတရားစွဲဆိုမှုဟာ အစိုးရက ဖြစ်နေတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ အသံအဖွဲ့က ပြောကြား လိုက်ပါတယ်။
အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်လေးနှစ်တာကာလအတွင်းမှာ လွတ်လပ်စွာထုတ် ဖော်ခွင့်ကို ပြုလုပ်မှုကြောင့် ဥပဒေအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုပေါင်း ၅၀၀ ကျော်ရှိနေပြီး အဲဒီအထဲမှာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုတင် ၂၂၉ မှုရှိတယ်လို့ ဇူလိုင် (၁၆) ရက်က ထုတ်ပြန်တဲ့ အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီကိုသွားမယ်လို့ အာမခံရင် လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို မဖြစ်မနေအကာကွယ်ပေး ပြီးမြှင့်တင်ပေးရမှာဖြစ်တယ်လို့ အသံအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။
“နိုင်ငံတကာလူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ပဲ တိုင်းတာပေါ့နော်။ အခုစွဲခံထားရတဲ့အမှုတွေ ဆိုတာကလည်း လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖော်ပြီး အစိုးရစွဲတဲ့ ကိစ္စတွေ။ အဲဒီတော့ အစိုးရအနေနဲ့က ဒီမိုကရေစီကို သွားမယ်လို့ အာမခံရင် လူအခွင့်အရေးတွေ၊ လူ့အခွင့်အရေးရဲ့ အခြေခံစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်တွေကို မဖြစ်မနေ အကာအကွယ် ပေးရမှာ ဖြစ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို ဆက်လက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်ကန့်သတ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီသွားတဲ့လမ်းမှာ အကြီးအကျယ် အဟန့်အတားဖြစ်မယ်လို့ မြင်ပါတယ်”လို့ မောင်ဆောင်းခက ပြောပါတယ်။
ဒါ့အပြင် အခုတရားစွဲဆိုခံရတဲ့ အမှုတွေထဲမှာ တပ်မတော်ကတရားလိုပြုလုပ်ပြီး တိုက်ရိုက် တရားစွဲဆိုတဲ့ အမှုပေါင်းကလည်း ၅၂ မှုရှိတယ်လို့ အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်တွေကို ဖိနှိပ်ကန့်သတ်မှုတွေ ပြုလုပ်နေတုန်းပဲလို့ အသံအဖွဲ့က အစီရင်ခံစာမှာ ထည့်သွင်း ဝေဖန်ထားပါတယ်။
အခု လေးနှစ်တာကာလအတွင်းမှာ လွှတ်တော်ကလဲ ဖျက်သိမ်းသင့်တဲ့ ဥပဒေအချို့ကို လျစ်လျူ ရှုခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်ပြီး တရားစွဲဆိုနိုင်တဲ့ ဥပဒေပုဒ်မတွေကို ဖျက်သိမ်း၊ ပြင်ဆင်တာတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment