Wednesday, July 15, 2020

သီတဂူဆရာတော်ဘုရားကြီး ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး မြေစာပုံပြိုကျသည့်နေရာသို့ ကြွရောက်တော်မူပြီး ကွယ်လွန်ကြသူများအတွက် ရည်စူးလှူဒါန်းမှု ပြုလုပ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရသည် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကြွရောက်တော်မူပြီး ဝှေခါကျေးရွာသို့ သွားရောက်ကာ မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွားရာနေရာသို့ ကြည့်ရှုတော်မူသည်။
သီတဂူဆရာတော်ဘုရားကြီးသည် ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် အခင်းဖြစ်ပွားရာ နေရာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ကွယ်လွန်သွားကြသူများအတွက် မေတ္တာပို့သပြီး ကွယ်လွန်သူများအား ရည်စူး၍ ဖားကန့်မြို့နယ်အတွင်းမှ သံဃာတော် ၂၀၀ ပါးအတွက် သင်္ကန်း ၁ စုံနှင့် န၀ကမ္မအလှူငွေ ၁ သိန်းကျပ်စီကို သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းတော်မူကြသည်။ ထို့နောက် ကွယ်လွန်သွား ကြသူများအတွက် ကုသိုလ်ဝေစုကို သာဓုခေါ်ဆိုနိုင်ရန် အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် အမျှတန်းပေးဝေကာ ကုသိုလ်ဝေစုအမျှရကြ၍ ကောင်းရာသုဂတိ လားကြပါစေကြောင်းနှင့် ဖြစ်လေရာ ဘ၀တိုင်းတွင် အသက်ရင်း၍ တဝမ်းတခါးရှာစားကြရသည့်အဖြစ်ဆိုးများ မကြုံဆုံကြစေရန်အတွက်လည်း အထူးမေတ္တာပို့ကာ ဆုမွန်ကောင်းတောင်းပေးအပ်သည်။
ယင်းနောက် သီတဂူဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်များသည် ဖားကန့်မြို့၊ သီတဂူ စက္ခုဒါနဆေးရုံရှိ စံကျောင်းသို့ ပြန်လည်ကြွရောက်တော်မူကြသည်။ ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူ စက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်တို့တွင် တည်ရှိပြီး ဖားကန့်ဆေးရုံသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေးပေးနိုင်သူ လူနာပေါင်းမှာ ၆၉၄၉ ဦး၊ ခွဲစိတ်ကုသပေးသည့် လူနာပေါင်းမှာ ၆၈၇ ဦး စက္ခုဒါနအလင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment