Tuesday, July 14, 2020

ပြင်ဦးလွင်တွင် တပ်မတော်မှ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID - 19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားရေး အထောက်အကူဖြစ်စေရန် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများသည် တပ်ပိုင်နှင့် မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်) ၌ အပတ်စဉ် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အမဲသား (၁ ပိဿာ ၇၀၀၀ ကျပ်နှုန်းဖြင့် ၄၃၀ ပိဿာ)၊ ဝက်သား (၁ ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၇၄ ပိဿာ)၊ ကြက်သား (၁ ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ၁၅၀ ပိဿာ)၊ ငါး (၁ ပိဿာ ၂၄၀၀ ကျပ်နှုန်းဖြင့် ၂၅၀ ပိဿာ)၊ ကြက်ဥ (၂၁၀၀ လုံး)နှင့် တပ်မတော်စက်ရုံထုတ် စည်သွတ်ဗူးများ၊ နန်းမြိုင်ကော်ဖီ/ကော်ဖီမှုန့်ထုပ်များ၊ ရွှေဖီဦးတီးမစ်(စ်)ထုပ်များ၊ ဆန်(၅ ကီလို)ထုတ်များ၊ သွားတိုက်ဆေးဘူး/သွားတိုက်တံများ၊ ပဲမျိုးစုံ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဘီစကစ်ထုပ်များ၊ အာလူး၊ ကြက်သွန်ဖြူ၊ မုံလာဥဖြူ၊ ဘိုစားပဲ၊ ဂေါ်ရခါးညွန့်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကုန်စိမ်း/ကုန်ခြောက်မျိုးစုံ တို့ကို ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ရောင်းချပေးခဲ့ရာ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူ ၁၀၀၀ ခန့်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များက လာရောက် ဝယ်ယူ အားပေးကြပြီး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာ COVID-19 ရောဂါနှင့်ပတ်သက်၍ အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Surgical Mask) များ အခမဲ့ ဝေငှပေးခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ဒေသခံပြည်သူများ၏ စားသောက်ရေး အဆင်ပြေစေရန် ပြင်ဦးလွင်တပ်နယ်က စီစဉ်ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်မြို့ဒေသခံ စေတနာရှင် ပြည်သူတစ်ဦးကလည်း နှစ်သက်သဘောကျကာ ယနေ့နံနက်ပိုင်း နယ်မြေခံ တပ်မတော်သားများနှင့် လာရောက်ပူးပေါင်း၍ အဆိုပါ ဈေးရောင်းပွဲသို့ လာရောက်သူအားလုံးကို တစ်ဦးလျှင် ချဉ်ပေါင်ရွက် ၁ စည်းနှင့် ကြက်ဥ ၅ လုံးနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Crd : ပြည်ထောင်စုညီနောင်များ #Myanmar_Online_News

0 comments:

Post a Comment