Tuesday, July 21, 2020

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူများကို ယနေ့ စတင် ဖြန့်ဝေ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ်ကို ရုံးဖွင့်ရက်ဖြစ်သော ဇူလိုင်လ ၂၁ ရက် (ယနေ့) စ၍ မြန်မာ့စီးပွားရေးဘဏ်များမှ ဖြန့်ဝေပေးသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန် ငွေစက္ကူပုံစံသစ်၏မျက်နှာစာဘက်တွင် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားကြောင်းသိရသည်။
ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိကာ ပေါ် လွင်သော အရောင်မှာ နီညိုရောင်ဖြစ်ပြီး ငွေစက္ကူဆေးသား ရိုက်နှိပ်ရာတွင် ဖောင်းကြွ ပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏ တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသားနေရာများ သည် ပီပြင် ထင်ရှားသည့် အပြင် လက်ဖြင့် စမ်းသပ် ကြည့်ပါက ကြမ်းတမ်းမှုရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ မျက်နှာစာ ဘက်ရှိ ဘယ်/ညာအစွန်းများတွင် အမြင်အာရုံ အားနည်းသူများအတွက် လက်ဖြင့် ထိတွေ့ စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတို မျဉ်းကြောင်းငယ်(၉) ကြောင်းစီ ရိုက်နှိပ်ထားသည်။
ငွေစက္ကူပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူ၏တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပြီး ငွေရောင်လုံခြုံရေးကြိုးအား တစ် ဝက်ဖုံး တစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်နှံ ထားသည်။
ငွေစက္ကူမျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင် ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင် နိုင်ကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment