Tuesday, July 14, 2020

ကသာတွင် မြစ်ရေမြင့်တက်လာပြီးရေတိုက်စားမှုဖြစ်ပွားနေပြီး ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် တစ်ပေခွဲခန့်သာလိုတော့ပြီး ရွှေကူမြို့နယ်တွင် သုံးစင်တီမီတာသာလိုတော့ဟုသိရ

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ ဂွေ့ကြီးကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေတိုက်စားမှုများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကသာမြို့နယ်မီးသတ်စခန်းနှင့် ကျောက်ထုံးကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် နေအိမ်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် တစ်ပေခွဲခန့်သာ လို တော့ပြီး ကချင်ပြည်နယ်ရွှေကူမြို့နယ်တွင် သုံးစင်တီမီတာသာလိုတော့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယနေ့ ဇူလိုင် ၁၄ ရက်၌ ဧရာဝတီမြစ်ရေ အခြေအနေနှင့်ပတ်သက်၍ people media ကဆက်သွယ်မေးမြန်းရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်း ၈ဝ ဖြစ်ကြောင်းသိရသည်။
Source : MFSD

0 comments:

Post a Comment