Tuesday, July 7, 2020

တရုတ်နှင့် လက်နက်မဲ့တိုက်ခိုက်ကြစဉ် အိန္ဒိယစစ်သားများမှာ အင်အားအလုံးအရင်းဖြင့် ဝိုင်းရံထားခံရဟု ဆို

ပြီးခဲ့သည့်လက နှစ်နိုင်ငံနယ်ခြားဒေသတွင် တရုတ်တပ်များနှင့် အနီးကပ်လုံးထွေးသတ်ပုတ်ခဲ့ကြသော အိန္ဒိယစစ်သားများမှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော်လည်း တရုတ်တို့က ပတ်ဝန်းကျင်တောင်စောင်းများ၌ အင်အားအလုံးအရင်းဖြင့် ဝိုင်းရံထားခဲ့ကြကြောင်း နယူးဒေလီအစိုးရနှင့် ကျဆုံးအိန္ဒိယစစ်သားတို့၏ ကျန်ရစ်သူဆွေမျိုးသားချင်းများကို ကိုးကား၍ Reuters ၏ သတင်းကို bdnews24 က ယမန်နေ့ဖော်ပြသည်။
ကျဆုံးအိန္ဒိယစစ်သားတစ်ဦးမှာ လည်ပင်းနေရာတွင် သံချေးတက်နေသော သံချောင်းတပ် တင်းပုတ်ဖြင့် ရိုက်သတ်ခံရခြင်းဖြစ်ကြောင်း၊ အခြားတစ်ဦးမှာမူ ဟိမဝန္တာတောင်ကြော အနောက်ပိုင်းရှိ ဂယ်လွမ်မြစ်အတွင်း အေးခဲသေဆုံးလျှက် တွေ့ရှိရကြောင်း သိရှိရသည်ဟု အဆိုပါစစ်သားတို့၏ ကျန်ရစ်သူဆွေမျိုးသားချင်းတို့က ပြောဆိုသည်။
ဇွန်လ (၁၅) ရက်နေ့တွင် တရုတ်-အိန္ဒိယနယ်ခြားအဖြစ် နားလည်ထားကြသော ဂယ်လ်ဝမ်ဒေသ၌ တရုတ်တို့နှင့် လုံးထွေးသတ်ပုတ်စဉ် သေဆုံးကြသူ အိန္ဒိယစစ်သား (၂၀) တို့မှာ အဆိုပါနယ်မြေတွင် တပ်ချထား သည့် အမှတ်-၁၆ ဘီဟာ တပ်ရင်းမှဖြစ်သည်။
ပေ ၁၄,၀၀၀ ကျော်မြင့်မားသည့် တောင်ကြားဒေသ၌ ၆-နာရီကြာမျှ အခင်းဖြစ်ပွားစဉ် နှစ်ဖက်စလုံးတွင် သေနတ်အသုံးပြု ပစ်ခတ်မှု မရှိခဲ့သော်လည်း အိမ်နီးချင်း ညူကလီယာ စစ်အင်အားကြီးနှစ်နိုင်ငံအကြား ပဋိပက္ခတို့၌ ၁၉၆၇ -ခုနှစ်နောက်ပိုင်း အသက်ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့သည်။ သို့သော် တရုတ်ဘက်၌ စစ်သား ၄၀ သေဆုံးသည်ဆိုခြင်းကို ပေကျင်းအစိုးရ သံအမတ်ကြီးက ငြင်းပယ်၍ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခ၌ နှစ်ဘက်စလုံးတွင် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရသည်ဟု သံရုံးသတင်းဝဘ်ဆိုက်၌ လွှင့်တင်ထားကြောင်း တွေ့ရှိရသည်။
လာဒက်ဒေသရှိ အိန္ဒိယစစ်ဆေးရုံကို ရိုက်တာသတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့သည်။ သေဆုံးမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဆေးရုံက ငြင်းဆန်ခဲ့ပြီး၊ ရုပ်အလောင်းများကို ဆေးစစ်တွေ့ရှိချက်များနှင့်အတူ ၎င်းတို့၏ မိသားစုများထံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုသည်။
အိန္ဒိယ ဘီဟာတပ်ရင်းမှ ကျဆုံးစစ်သား ၂-ဦး၏ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ စည်းကမ်းများကြောင့် အမည်ဖော်ပြနိုင်ခြင်း မရှိသည့်အပြင် တိုက်ရိုက်အသေးစိတ်ပြောဆိုလိုခြင်း မရှိကြချေ။ ရိုက်တာရရှိသော ဆေးစစ်မှတ်တမ်းတွင် သေဆုံးအိန္ဒိယစစ်သား ၃-ဦး၏ လည်ပင်း၌ သွေးလွှတ်ကြောများ ပေါက်ပြဲ ပျက်စီးနေကြောင်း၊ အခြား ၂-ဦးမှာ ဦးခေါင်းတွင် ပြတ်ရှစေသော သို့မဟုတ် ချွန်ထက်သောအရာဝတ္ထုဖြင့် ထုရိုက်ခံရခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ ၅-ဦးစလုံးတွင် နဖူးနှင့်လည် ပင်း၌ သိသာထင်ရှားသော ဒါဏ်ရာများ တွေ့မြင်ရသည်ဟု ရေးသားထားသည်။
အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တစုံတရာ တုံ့ပြန်ခြင်းမရှိခဲ့ပေ။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ အိန္ဒိယဘက်က နယ်စပ်ကိုဖြတ်ကျော်ပြီး ရန်စခဲ့ကြောင်း ယခင်ကြေညာချက်အတိုင်း ထပ်မံပြောဆိုသည်။ ဆွေးနွေးရန် သွားရောက်သည့် တရုတ်လွတ်မြောက်ရေးတပ်မတော် အရာရှိနှင့် စစ်သားများအား အိန္ဒိယတို့က ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြကြောင်း၊ ဖြစ်ပျက်ခဲ့ရာတွင် တရုတ်ဘက်၌ အမှားအယွင်း လုံးဝမရှိခဲ့ကြောင်း အိန္ဒိယအား ပြစ်တင်ရှုတ်ချသည်။
သို့သော် အိန္ဒိယက ကျူးကျော်သည်ဆိုခြင်းကို သက်သေပြနိုင်ခြင်း ရှိ-မရှိ မှတ်ချက်ပေးရန်တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးက တုံ့ပြန်ခြင်းမရှိချေ။
ဒေလီရှိအစိုးရတာဝန်ရှိသူတစ်ဦးကမူ ပဋိပက္ခဖြစ်စေရန် တရုတ်တို့က ကြိုတင်အကွက်ချ စီစဉ်ထားခြင်းဖြစ်ကြောင်း အိန္ဒိယတပ်ဖွဲ့ဝင်တို့သည် ကျောက်ခဲ၊ တုတ်များအသုံးပြုသည်ဆိုခြင်းထက် လက်ဗလာသက်သက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ဘီဟာတပ်ရင်းမှ အရာရှိ ၁-ဦး ပါ တပ်သားအချို့သည် ကင်းလှည့်နယ်မြေအမှတ် ၁၄ တွင် ကင်းလှည့် တာဝန်ထမ်းဆောင်နေခိုက် နယ်ခြားအငြင်းပွားနယ်မြေ၌ ဖြိုဖျက်ပြီး ဆုတ်ခွာပါမည်ဟု တရုတ်တို့ ကတိပေးထားသည့် အဆောက်အအုံများကို တွေ့ရှိရကြောင်း၊ ထိုအတွက် တရုတ်စစ်သားတို့က ဆွေးနွေးပြောဆိုရမည့်အစား ဂယ်လ်ဝမ်မြစ်၏ ၄-မီတာမျှသာကျယ်ဝန်းသော အငူနေရာကို ဖြတ်ကူးကာ သံချွန်တပ် သစ်သားတုတ်များနှင့် တင်းပုတ်များ အသုံးပြု၍ ရုတ်တရက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
တရုတ်စစ်သားတစ်စုနှင့် ကင်းတဲ ၂-ခုကို တွေ့ရှိစဉ် အိန္ဒိယကင်းလှည့်တပ်သားများကို ဦးဆောင်သူမှာ ဘီဟာတပ်ရင်းမှ ဗိုလ်မှူးကြီး စန်တို့ရှ်ဘာဘူဖြစ်ပြီး ပဋိပက္ခဖြစ်ပွားစဉ် လက်နက်ကိုင်ဆောင်ထားခြင်းမရှိကြောင်း ကျဆုံးအိန္ဒိယ စစ်သား၏ ဆွေမျိုးသားချင်း ၁-ဦးက ပြောဆိုသည်။
ပဋိပက္ခဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် နယူးဒေလီရှိအစိုးရအရာရှိများပြောဆိုသည့်အတိုင်း တရုတ်ကင်းတဲ ၂-ခုမှာ နှစ်နိုင်ငံထိန်းချုပ်မျဉ်း LOC အတွင်း အိန္ဒိယဘက်ခြမ်း၌ ရောက်ရှိနေပုံရသည်။ အိန္ဒိယတပ်သားများကလည်း ကျောက်ခဲများဖြင့် ပစ်ပေါက်၍ ဖြိုချခဲ့ဟန်တူသည်။ ထိုမှ ပဋိပက္ခပိုမိုပြင်းထန်လာသည့်အတွက် အိန္ဒိယတပ်သားအချို့ ပြန်လည်ဆုတ်ခွာသွားကြသော်လည်း ၎င်းတို့ အရာရှိ ပါမလာခြင်းကြောင့် နောက်တစ်ကြိမ်ပြန်အသွားတွင် တရုတ်တို့က ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်တို့ဘက်တွင် သေဆုံးအရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ ကျဆုံးသူတို့၏ ရုပ်အလောင်းများကို ရေစီးသန်သော ဂယ်လ်ဝမ်မြစ်အတွင်း ခဲယဉ်းစွာ ပြန်လည်သယ်ယူလာခဲ့ကြကြောင်း ဆွေမျိုး များက ပြောပြသည်။
ကျဆုံးသူတို့တွင် ဗိုလ်မှူးကြီး စန်တို့ရှ်ပါဝင်ကြောင်း လာဒက်ဒေသတစ်ဖက်ခြမ်းကို တရုတ်တပ်များက အင်အားအသာစီးဖြင့် လုံးလုံးလျားလျား လွှမ်းမိုးထားပြီး ထပ်မံအင်အားဖြည့်တင်းလျှက်ရှိကြောင်း ရေဒီယို ကြားဖြတ်သတင်းများအရ သိရှိရသည်။
crd-htayoung #Myanmar_Online_News

0 comments:

Post a Comment