Friday, July 17, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ ရောက်ရှိကြရာ တပ်မတော်အရာရှိကြီးများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ယင်းနောက် တိုင်းမှူးဗိုလ်ချုပ် သက်ပုံနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူးချုပ်မျိုးသန့်တို့က အိမ်ရာတည်ဆောက်နေမှုအခြေအနေများ၊ ခြံစည်းရိုးပင်များစိုက်ပျိုးထားရှိမှု အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်း လည်ပတ်နေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ရေ၊ မီး လိုအပ်ချက်အတွက် သွယ်ယူဆောင် ရွက်နေသည့် အခြေအနေများ၊ အိမ်ရာအတွင်း ကလေးကစားကွင်းနှင့် စာကြည့်တိုက်ထည့်သွင်း တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်း ဟောင်းအိမ်ရာများတွင် နေထိုင်သူများ၏ နေရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ကိစ္စရပ်များတွင် အဆင်ပြေစေရေးကိုလည်း စဉ်းစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အဦများအား အရည်အသွေး ပြည့်မီစွာဆောက်လုပ်ပေးရမည်ဖြစ်ပြီး စျေး၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက် အဦ တို့အပြင် နေထိုင်သူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်း၍ မြို့ပြအသွင်တည်ဆောက် ပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းမြို့အဖြစ်စဉ်းစားပြီး အားကစားကွင်းနှင့် အပန်းဖြေရန်နေရာတို့ကိုလည်း လျာထား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် နှစ်ပေါင်းများစွာပေးဆပ်၍ တာဝန်ထမ်းဆောင် ခဲ့ကြသူများဖြစ်သဖြင့် တပ်မတော်မှ အနားယူပြီးချိန်တွင်လည်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည့်အပြင် ၎င်းတို့၏ သားသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် စဉ်းစားရာတွင် လုပ်အားအခြေပြု (Labour intensive) လုပ်ငန်းများကို စဉ်းစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဇုန်များမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နို့ထွက်ပစ္စည်းများကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုရုပ်လုံးပေါ်လာပြီ ဖြစ်ကာ နောက် ၁၀ နှစ် ၁၅ နှစ်ကြာသည်အထိဆက်တိုက်လုပ်ဆောင်၍ စစ်မှုထမ်း ဟောင်းများအားကိုးရသည့် မြို့ပြပုံစံဖြစ်လာအောင်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် တပ်မတော် အရာရှိကြီးများက လိုအပ်သည်များအကြံပြု ဆွေးနွေး ပြောကြားကြပြီး မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အကွက်ချပုံစံငယ်အားကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည်ရှုပြီး လမ်းများ၊ ရေနုတ်မြောင်းများ ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား မှာကြားသည်။
ယင်းနောက် အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ တပ်မတော်တွင် သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းများနှင့် မိသားစုဝင်များအား ကောင်းကောင်းမွန်မွန်နှင့် အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်ရေး ယခုကဲ့သို့ဆောင်ရွက် ပေးထားခြင်းဖြစ်သဖြင့် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုကြောင်း၊ မိသားစုများ၏ အလုပ်အကိုင် အခွင့် အလမ်း ရရှိစေရေးအတွက်လည်း စက်ရုံ၊ အလုပ်ရုံများ၊ စျေးဝယ်စင်တာများ၊ ဆေးရုံများကို ဆက်လက် ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး စစ်မှုထမ်း ဟောင်းများ၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး(၈၄)ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၃ လုံး၊ အခြား အဆင့် နေအိမ်(၄)ခန်းတွဲ (၆)ထပ် ၃ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ(၆)ထပ် ၂ လုံးအား ထပ်မံတည်ဆောက်လျက်ရှိရာ ၅၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အရာရှိကြီးနေအိမ်(၄)ခန်းတွဲ(၆) ထပ် ၁ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ (၆)ထပ် ၁ လုံး၊ အခြားအဆင့်နေအိမ်(၄)ခန်းတွဲ(၆)ထပ်(လေးထောင့်ပုံစံ) ၇ လုံး၊ အခြားအဆင့်နေအိမ် (၄)ခန်းတွဲ(၆) ထပ် (အလျားလိုက်ပုံစံ) ၂ လုံးတို့အား ထပ်မံတည်ဆောက်လျက်ရှိရာ ၄၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment