Tuesday, July 21, 2020

AA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက်ပလက်ဝဒေသခံတစ်ဦးအား သေဆုံးလျက်ပြန်တွေ့

AA အဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီးနောက် ပလက်ဝမြို့နယ်၊ တုန်းမဝကျးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးလှကျော်ဆိုသည့်အမျိုးသားတစ်ဦးအား မိသားစုဝင်များက သေဆုံးလျက်ပြန်တွေခဲ့ကြောင်းသိရသည်။
ဦးလှကျော်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက ရွာမှထွက်၍ ကျောက်တော်ဘက်သို့ ဆန်ဝယ်ရန်အသွားလမ်း ခုလတ်၌ AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ် သည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC)မှ ဦးစောမြက ပြောကြားသည်။
ဦးစောမြက " ဒီတစ်ရက်နှစ်ရက်မှာကြတော့ သူ့မိသားစုဝင်တွေက သူ့အလောင်းကိုတွေ့တယ်တဲ့။ မျက်မြင်အရတော့ ဘယ်သူ့လက်ချက်ဆိုတာမသိရပေမယ့် ကျွန်တော်တို့ပြောချင်တာကတော့ AA မှာ တာဝန်ရှိတယ်လို့တော့ ပြောချင်တယ်" ဟု ဆိုသည်။
သေဆုံးသွားသောဦးလှကျော်မှာ ချင်းစစ်ဘေးရှောင် များအရေးကိုကူညီဆောင်ရွက်နေသည့် ချင်းစည်ပင် ဝန်ကြီးဟောင်း ဆလိုင်းအိုင်းဇက်ခင်၏ဦးလေးဖြစ်ပြီး၊ ဦးလေးဖြစ်သူသေဆုံးရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းကို ဆလိုင်းအိုင်းဇက်ခင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ဆလိုင်းအိုင်ဇက်ခင်က "အပြစ်မဲ့ အသက်ဆုံးပါးခဲ့ရတဲ့အတွက် မိသားစုဝင်တစ်ဦးအနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဦးလေး လွတ်မြောက်ရေးအတွက် ကျွန်တော် ဘာမှမလုပ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ် ပိုပြီး ဝမ်းနည်းမိပါတယ်" ဟု ရေးသားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ပလက်ဝမြို့နယ် ဆီးဖလောင်ရွာမှမူလတန်းကျောင်းအုပ်ဆရာ ဦးအာ ဗေလနှင့် ရွာသားနှစ်ဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်းတို့ သုံးဦး၏ ရုပ်အလောင်းများကို ပြန်တွေ့ခဲ့သည်။
ထို့အပြင် ဧပြီလအတွင်းက AA ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ပလက်ဝမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်ဦးမြင့်မောင်နှင့် မြို့ခံနှစ်ဦးတို့၏ သတင်းမှာလည်း ယနေ့အချိန်အထိ အစအနပင် မရသေးပေ။
Ref ; The Ladies News

0 comments:

Post a Comment