Saturday, July 11, 2020

လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများမှ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံးဖော်ထုတ်ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဖော်ထုတ်စဉ် ရေချမ်းပြင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၇၀ အကွာ နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံး ဖော်ထုတ်ရရှိသည်။ ရှင်းလင်းဖော်ထုတ်ရရှိခဲ့သည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံးကို ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ အလားတူ ဇွန်လ ၂၇ ရက်တွင်လည်း စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်ရှိ နည်းပညာကောလိပ် (GTC) အနီးဝန်းကျင်၌ ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်းသိရှိရသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးပေါက်ကွဲကာ မိုင်း ၅ လုံးဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝဒေသတို့၌ ဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုများပြတ်တောက်စေရေးရည်ရွယ်၍ အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်းများပေါ်တွင် ယခုကဲ့သို့ မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အများပြည်သူများအန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Source: တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment