Saturday, July 11, 2020

ရှစ်လေးလုံးမျိုးဆက်141 နိုင်ငံရေးအင်အားစုမှ ရဲဘော်အချို့ ပြည်သူ့ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်

ရှစ်လေးလုံးမျိုးဆက် ၁၄၁ နိုင်ငံရေးအင်အားစုမှ ရဲဘော်အချို့သည် ပြည်သူ့ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ရန် ဇူလိုင် ၉ ရက်က ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ကြောင်း ပြည်သူ့ပါတီက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။
၁၄၁ နိုင်ငံရေးအင်အားစုသည် ကျောင်းသားနိုင်ငံရေးလောကတွင် လူသိများပြီး ၁၉၈၈ ခုနှစ် မတ်လကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားအုပ်စုဖြစ်သည်ဟု ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောကြားသည်။
“အဲဒီကျောင်းသားအုပ်စုထဲကနေ အခုချိန်အထိ ငါတို့ ၈၈ မျိုးဆက်တွေနဲ့ တွဲပြီးပါနေတယ်။ အခု ပြည်သူ့ပါတီကို ဝင်တဲ့အခါမှာလည်း ၁၄၁ အနေနဲ့ ပြည်သူ့ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သူတို့လည်း ယုံကြည်တယ်။ နောက်ပြီးတော့ ၈၈ မျိုးဆက်တွေလည်းဖြစ်တဲ့အတွက်ကြောင့် ပါတီထဲမှာ ပါဝင်လုပ်ဆောင်မယ်ဆိုပြီးတော့ ပါတီဝင် အဆိုပြုလွှာပေးကြတာ” ဟု ဦးမင်းဇေယျက ပြောကြားသည်။
၁၄၁ ရဲဘော်များမှ ပြည်သူ့ပါတီသို့ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိပြည်သူ့ပါတီဗဟို ဌာနချုပ်တွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ၁၄၁ ရဲဘော်များကိုယ်စား ဦးသိန်းတင်အောင်က ပါတီဝင်ရောက်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်ဟု ပြည်သူ့ပါတီက ထုတ်ပြန်သည်။
လတ်တလောတွင် ၁၄၁ နိုင်ငံရေးအင်အားစုကို ဦးဆောင်သူများအနက်မှ ၁၀ ဦးခန့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကျန်အဖွဲ့ဝင်အချို့ ထပ်မံပါဝင်လာနိုင်ခြေရှိကြောင်း ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောကြားသည်။
၁၄၁ နိုင်ငံရေးအင်အားစုမှအချို့မှာ ပြည်ပတွင် ရောက်ရှိနေပြီး ကွယ်လွန်သူအချို့လည်းရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
၁၉၈၈ မတ်လတက္ကသိုလ်ကျောင်းအတွင်း ကျောင်းသားဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူ ထောင်နှင့်ချီရှိခဲ့ပြီး ဖမ်းဆီးခံရသူများကို စစ်ဆေးကာ ပြန်လည်လွှတ်ပေးသော်လည်း ၁၄၁ ဦးကျန်ရှိပြီး အဆိုပါ ၁၄၁ ဦးသည် အာဏာပိုင်များက တရားစွဲဆို၊ ထောင်ချရန် ရည်ရွယ်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များဖြစ်သည်ဟု ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောကြားသည်။
သို့သော် နိုင်ငံရေးအပြောင်းအလဲအရ အဆိုပါ ၁၄၁ ဦးကို ၁၉၈၈ ခုနှစ် ဇူလိုင် ၇ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ကို ထိုအချိန်မှစ၍ ၁၄၁ နိုင်ငံရေးအင်အားစုုအဖြစ် ကျောင်းသားနိုင်ငံရေးလောကတွင် သိရှိကြခြင်းဖြစ်သည်ဟု ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ဆက်လက်ပြောကြားသည်။
ပြည်သူ့ပါတီသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဦးမင်းဇေယျတို့အပါအဝင် ရှစ်လေးလုံးအရေးတော်ပုံအတွင်း ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသား ခေါင်းဆောင်အချို့အပါအဝင် နိုင်ငံရေးမျိုးဆက်အချို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံရေးပါတီဖြစ်ကြောင်း သိရသည်။
Crd : ပြည်သူ့ပါတီ #Myanmar_Online_News

0 comments:

Post a Comment