Thursday, June 18, 2020

ရန်ကုန်တိုင်းအစိုးရ ငွေရင်းနှီးထည့်ဝင်ထားသည့် YUPT ကုမ္ပဏီမှ အစုရှယ်ယာအမြတ်ငွေ မရရှိသဖြင့် ဝန် ကြီးချုပ် အပါအဝင် ကုမ္ပဏီတာဝန်ရှိသူများအား ရာဇဝတ်ကြောင်း၊ တရားမကြောင်းတို့ဖြင့် တရားစွဲဆိုမည်

ရန်ကုန်တိုင်းအစိုးရ ငွေရင်းနှီးထည့်ဝင်ထားသည့် YUPT ကုမ္ပဏီမှ အစုရှယ်ယာ အမြတ်ငွေမရရှိသဖြင့် ဝန်ကြီးချုပ် အပါအဝင် ကုမ္ပဏီတာဝန်ရှိသူများကို ရာဇဝတ်ကြောင်းနှင့် တရားမကြောင်းတို့ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ရှယ်ယာရှင် တစ်ဦးဖြစ်သည့် ဦးထိန်ဝင်းက ပြောကြားသည်။
တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီများ ဥပဒေပါ အခွင့်အရေးအရ အစည်းအဝေး ခေါ်ယူရန်နှင့် ကုမ္ပဏီစာရင်းအင်း ဖျက်သိမ်းပေးနိုင်ရန် ရှယ်ယာရှင်များက လက်မှတ်ရေးထိုးပြီး လာမည့် ၂၀ ရက်တွင် တင်ပြမည်ဖြစ်ကြောင်း ဦးထိန်ဝင်းက ပြောကြားသည်။
“အန်ကယ်တို့ ရှယ်ယာရှင်တွေကြုံတုန်း ဆွေးနွေးလိုက်တဲ့ အခါကျတော့ တရားစွဲရေးက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ရာဇဝတ်ကြောင်းနဲ့၊ တစ်ပိုင်းက တရားမအကြောင်းဖြစ်တယ်။ ကုမ္ပဏီနဲ့ သွားရမှာဆိုတော့ ရှေ့နေက တစ်ယောက်တည်း မဟုတ်ဘဲနဲ့ နှစ်ဖွဲ့နဲ့ ဆွေးနွေးနေရတယ်။ စွဲရင်တော့ တစ်ရက်တည်း တစ်ချိန်တည်း စွဲမှာပေါ့နော်။ ရာဇဝတ်ကြောင်းက လွယ်တယ်။ တိတိကျကျနဲ့ ကိုယ်ပြချင်တဲ့ အချက်အလက်တွေပြပြီး စွဲလိုက်လို့လွယ်တယ်။ တရားမကြောင်း ဆိုတာကတော့ စာရင်းဇယားပါလာမယ်” ဟု ဦးထိန်ဝင်းက ပြောကြားသည်။
ထို့ပြင် YUPT ကုမ္ပဏီ၏ တာဝန်ရှိသူများကို ရှယ်ယာရှင်များက တရားစွဲဆိုရန် ဆောင်ရွက်နေချိန်တွင် YRTA မှ တာဝန်ရှိသူတစ်ဦးက သိန်း ၇၀၀၀ နှင့် ကျပ် ၁ ဒသမ ၂ ဘီလျံခန့် ရှယ်ယာဝယ်ယူမည့် ကုမ္ပဏီရှိသဖြင့် နှစ်ခုပေါင်း၍ လတ်တလော အနေဖြင့် ရှယ်ယာတစ်ဝက်ကို ပြန်ဝယ်ယူပေးမည်ဟု မတ်လနောက်ဆုံးပတ်က ပြောကြားခဲ့သော်လည်း လက်ရှိတွင် အဆိုပါကိစ္စမှာ မသေချာကြောင်း ဦးထိန်ဝင်းက ပြောကြားသည်။
“တရားစွဲဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်အရှိဆုံးဆိုတော့ ဝန်ကြီးချုပ်ဖြစ်မယ်။ YRTA ဥက္ကဋ္ဌဖြစ်သူက ပို့ဆောင်ရေးမှာ ဝန်ကြီးဖြစ်သူက ဒေါ်နီလာကျော်ဖြစ်မယ်။ နောက်တစ်ခုက YUPT ကို ထည့်စွဲမှရမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီကိုပါ ထည့်စွဲမယ်” ဟု ဦးထိန်ဝင်းက ပြောကြားသည်။
YUPT ကုမ္ပဏီမှ ရှယ်ယာရှင် ၂၂၉ ဦး၏ ရှယ်ယာများ ပြန်လည်ဝယ်ယူမည့် ကုမ္ပဏီမှာ ဝယ်ယူရန် မသေချာသဖြင့် အခက်အခဲ ဖြစ်နေကြောင်း၊ COVID-19 ကာလအတွင်း ကုမ္ပဏီများ၏ အခက်အခဲ ဖြစ်ပေါ်သဖြင့် ဆောင်ရွက်ပေးရန် ခက်ခဲနေကြောင်း ရန်ကုန်တိုုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဇွန် ၅ ရက်တွင် ပြောကြားသည်။
“တရားစွဲတာကတော့ ရှေ့နေရှေ့ရပ်တွေကို အန်ကယ်တို့ စာရွက်စာတမ်းတွေ ရှာဖွေနိုင်သရွေ့၊ အထောက် အထားတွေ စာရင်းစုနေတဲ့ အခြေအနေမှာရှိတယ်။ ရှေ့လဆန်းလောက်မှာ တရားစွဲဆိုနိုင်ရေးအတွက် အန်ကယ်တို့ဘက်က အချက်အလက်တွေပေးဖို့ တောင်းထားတယ်။ အဲဒါတွေ စုဆောင်းပေးနေရတယ်” ဟု ဦးထိန်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းအစိုးရ ရင်းနှီးငွေထည့်ဝင်ထားသည့် YUPT ကုမ္ပဏီမှ သုံးနှစ်ကျော်အထိ အစုရှယ်ယာ အမြတ်ငွေ မရရှိခြင်းနှင့် ရှယ်ယာများ ပြန်မဝယ်ခြင်းအပေါ် တာဝန်ရှိသူများအား တရားစွဲမည်ဖြစ်ကြောင်း ဖေဖော် ဝါရီ ၄ ရက်က အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် ရှယ်ယာရှင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
YUPT ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ထားသည့် ရှင်ယာရှင်၂၈၉ ဦးအနက် ရှယ်ယာရှင် ၂၂၉ ဦးက သုံးနှစ်ကျော်အတွင်း ၎င်း၏ရှယ်ယာ အမြတ်ငွေများ မရရှိသည့်အတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်အား အသိပေး အကြောင်းကြားသော်လည်း ထူးခြားမှု မရှိသည့်အတွက် တရားစီရင်ရေးအရ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှယ်ယာရှင်များကိုယ်စား ရှယ်ယာရှင် ဦးထိန်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ရှယ်ယာရှင်များက ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားသည့် ရှယ်ယာများပြန် လည်ရောင်းချရခြင်းမှာ ရင်း နှီးမြှုပ်နှံထားသည့် သုံးနှစ်ကာလအတွင်း အကျိုးအမြတ် မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်း ရှယ်ယာရှင်များ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT Public Co.,Ltd) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၃၅ ဘီလျံနှင့် ရှယ်ယာရှင်၂၈၉ ဦးက ရင်းနှီးထည့် ဝင်ထားသည့် ကျပ် ၅ ဒသမ ၆ ဘီလျံကျော် စုစုပေါင်း ကျပ်ဘီလျံ ၄၀ ကျော်နှင့် ယာဉ်အစီးရေ ၉၄၀ ဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိကြောင်း သိရသည်။
ယခု ရှယ်ယာပြန်လည် ရောင်းချလိုသည့် ရှယ်ယာရှင် ၂၂၉ ဦး၏ ရင်းနှီးထည့်ဝင်ငွေမှာ ကျပ်လေးဘီလျံကျော်သာ ရှိကြောင်း ရှယ်ယာရှင်များက ပြောကြားသည်။
Ref ; Eleven

0 comments:

Post a Comment