Monday, June 22, 2020

(UNHRC)လူ့အခွင့်အရေးကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်အီးယူမှတင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းအား မြန်မာနိုင်ငံက ပယ်ချခဲ့

ဂျီနီဗာမြို့တွင် မနေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အဆို (Resolution) ကို တင်သွင်းခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်အဆိုအား မြန်မာ နိုင်ငံက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။
အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ယင်းဆုံးဖြတ်ချက်အဆိုမူကြမ်းအား အောက်ပါအဓိက အကြောင်းရင်းများကြောင့် လက်မခံဘဲ ပယ်ချခဲ့ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရ
ယင်းတို့မှာ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ် သည့် ဆုံးဖြတ်ချက်များ (country-specific resolutions) ချမှတ်ဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ အပြုသဘောဆောင်ရေး၊ ထိပ်တိုက်မတွေ့ဆုံရေး၊ နိုင်ငံရေးသွတ်သွင်းမှုမရှိရေး၊ ဘက်လိုက်မှုမရှိရေး၊ တရား မျှတစွာ ဆွေးနွေးရေးနှင့် တရားမျှတပြီး တန်းတူညီမျှ ရှိရေးတို့အပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အပေါ် ဦးတည်သတ်မှတ်သည့် လုပ်ပိုင်ခွင့်အာဏာများ (country-specific mandates) သည် မြေပြင်အခြေအနေ တိုးတက်ကောင်းမွန်လာရေးကို အားပေးရာမရောက်ဘဲ ပိုမိုဆိုးရွားစေမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ရှားပါးသော အရင်းအမြစ်များကို အချည်းနှီး အသုံး မပြုသင့်ကြောင်း၊ ဇွန်လတွင် ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီ၏ အထွေထွေဆွေးနွေးမှု အစီအစဉ်များကို ဖျက်သိမ်း၍ ကုလသမဂ္ဂ၏ ငွေကြေးလည်ပတ်မှု အခက်အခဲ ကိစ္စရပ်အား ဖြေရှင်းရန် ကောင်စီအနေဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း၊ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သတ်မှတ်သည့် လုပ်ပိုင်ခွင့်အာဏာများ၌ အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုလျက် ရှိသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအား စောင့်ကြည့်စစ်ဆေးရန် အမျိုးမျိုးသော ယန္တရားများ ဖွဲ့စည်းတည်ထောင်၍ အရင်း အမြစ် အမြောက်အမြား အသုံးပြုလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာအနက် တစ်ခုမျှသာဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာအရ ပြစ်မှုကျူးလွန်သူများကို အရေးယူရေး ပြည်တွင်းတရားစီရင်ရေးယန္တရားဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းတာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ငန်းစဉ် ဆောင်ရွက်နေမှုကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်အဆို မူကြမ်းသည် လက်တွေ့အမှန်တရားကို လုံးဝထင်ဟပ်မှု မရှိကြောင်း၊ မြန်မာနိုင်ငံသည် ခက်ခဲသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်း ရေရှည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် စိန်ခေါ်မှုများစွာ နှင့် ရင်ဆိုင်နေရကြောင်း၊ စိန်ခေါ်မှုများရှိသော်ငြားလည်း ကဏ္ဍများစွာတွင် အောင်မြင်မှုများရရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံပေါ်တွင် အဟန့်အတားများ ပြုလုပ်မည့်အစား လက်ကမ်းကူညီမှု ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် လက်ရှိတွင် အခြားနိုင်ငံ များနည်းတူ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တစ်ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ၏ မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါကို တုံ့ပြန်ရာတွင် “မည်သူ တစ်ဦးတစ်ယောက်မျှ ကျန်ရစ်မှု မရှိစေရ” ဟူသည့် မူအပေါ်အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူသာ အဓိက ဆိုသည့် အချက်ကို ထောက်ပြ၍ “ပြည်သူကို တန်ဖိုးထားသလို ပြည်သူ့ အားကိုယူကာ တစ်ဦးအတွက် အားလုံး၊ အားလုံးအတွက် တစ်ဦး စိတ်ဓာတ်ကို တည်ဆောက်လျက် ရောဂါအန္တရာယ် ကို ရင်ဆိုင်ကျော်လွှားဖို့ဆောင်ရွက်” နေမှုကို အလေးထား ပြောကြားခဲ့ကြောင်း။
အဟန့်အတားများသာ ဖြစ်စေမည်
ဆက်လက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အီးယူ၏ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မိမိတို့ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားရန် အဖြေရှာရာတွင် အထောက်အပံ့ မည်သို့မျှမဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများအားလုံး ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် မိမိတို့၏အားထုတ်မှုများကို ဆုံးဖြတ်ချက်အဆိုမူကြမ်းက ပိုမိုဆိုးရွားသော အဟန့်အတားများသာ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အဆိုမူကြမ်းအား မဲခွဲရန် တောင်းဆိုခဲ့သည်။
အဆိုမူကြမ်းအား လူ့အခွင့်အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၈ မဲနှင့် ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံတို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် ကန့်ကွက်မဲပေးခဲ့ကြပြီး အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ ဆီနီဂေါ တို့က အီးယူ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်း အား ထောက်ခံခြင်းမပြုဘဲ ကြားနေမဲပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment