Saturday, June 20, 2020

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UNHRC)မှ မြန်မာ့တပ်မတော်ကို အရွယ်မရောက်သေးသည့် ကလေးစစ်သားစုဆောင်းမှုစာရင်းမှ ပယ်ဖျက်ပေးလိုက်သည့်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကြိုဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာ့တပ်မတော်ကို အရွယ်မရောက်သေးသည့် ကလေးစစ်သားဟုဆောင်းမှုစာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခနှင့် ကလေးသူငယ်များနှင့်စပ်လျဉ်းသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သိရသည်။
ယင်းအပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအစိုးရက ကလေးသူငယ်များအပေါ် ပြင်းထန်သော ချိုးဖောက်မှု ၆ ခုကို ရာဇဝတ်မှုအဖြစ် ဖော်ပြထားသည့် ကလေး သူငယ်အခွင့်အရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်း ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်မှုနှင့်စပ်လျဉ်းသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို မြန်မာ နိုင်ငံမှ အတည်ပြုပါဝင် ချုပ်ဆိုခဲ့ခြင်းတို့ကို ကြိုဆိုကြောင်း ချီးကျူးစကားလည်း ဆိုခဲ့သည်ဟု သိရှိရသည်။
မြန်မာ့တပ်မတော်ကို အရွယ်မရောက်သေးသည့် ကလေးစစ်သားဟုဆောင်းမှုစာရင်းမှ ပယ်ဖျက်ခံရခြင်းမှာ မြန်မာ့တပ်မတော်၏ အရွယ် မရောက်သေးသည့် ကလေးစစ်သားစုဆောင်းမှုကို သိသိသာသာလျှော့ချရန် ဆက်လက် အားထုတ်ဆောင်ရွက်နေမှုများ၊ အရေးယူဆောင်ရွက်မှုများနှင့် ယခင်နှစ်များက ဖော်ထုတ်တွေ့ရှိခဲ့သည့် ကလေးစစ်သား စုဆောင်းမှုများကို စိစစ်၍ ပြန်လည်လွှတ်ပေးရန် သဘောတူညီမှုများကြောင့် ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂ၏ အဆိုပါဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုဆိုကြောင်း စာထုတ်ခဲ့ကာ တပ်မတော်၏ ကတိကဝတ် ပြုလုပ်ဆောင်မှုများနှင့် မဆုတ်မနစ် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများကို ကုလသမဂ္ဂက ထိုက်သင့်သော အသိအမှတ်ပြုမှုရှိကြောင်း ထင်ရှားစေသည်ကို တွေ့ရှိခဲ့ရကြောင်း လျီးကျူးစကားဆိုပြီး ကလေးသူငယ်များကို ပိုမိုအကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးရန်အတွက် လုပ်ဆောင်ရန်များ လိုအပ်လျက်ရှိနေသေးသည်ကိုလည်း သတိပြုမိကြောင်း ထောက်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနနှင့် United Nations Country Task Force on Monitoring and Reporting (UN CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ် တွေ့ရှိရသည့် စစ်သည်လေးဦးကို ၁၂-၆-၂၀၁၉ ရက်တွင် လည်းကောင်း၊ စစ်သည် ၁၈ ဦးကို ၁၃-၁၂-၂၀၁၉ ရက်တွင် လည်းကောင်း တပ်မတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ နုတ်ထွက်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများထံသို့ တစ်ဦးချင်း အစီအစဉ်ဖြင့် လွှဲပြောင်းပေးခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ၄ နှစ်တာကာလအတွင်း တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရသည့် စစ်သည် ၂၆၂ ဦးကို မိဘ/အုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ၂၀၁၂ ခုနှစ်မှစ၍ အသက် ၁၈ နှစ် ပြည့်မြောက် ခြင်းမရှိသူ စစ်သည် စုစုပေါင်း ၁၀၀၆ ဦးကို မိဘ/အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ယင်းအပြင် တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ်မပြည့်သေးသည့် စစ်သည်များကို စုဆောင်းမှုနည်းလမ်းမမှန်ဘဲ မှားယွင်းစုဆောင်းခဲ့သည့် အရာရှိ ၁၀ ဦးနှင့် အခြားအဆင့် ၈ ဦးတို့ကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်အထိ အရာရှိ ၂၈ ဦးနှင့် အခြားအဆင့် ၃၇ ဦး စုစုပေါင်း ၆၅ ဦးကို အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာ့တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေကြောင်းပါ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်ကိုတွေ့ရသည်။
Crd : Myanmar Harp

0 comments:

Post a Comment