Saturday, June 20, 2020

တစ်နိုင်ငံလုံးရှိ တောင်သူများအတွက် Special Covid-19 Relief Loan ချေးငွေမှ တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်း ထပ်တိုး၍ ငွေကျပ် ဘီလီယံ ၆၀၀ ထုတ်ချေးမည်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တစ်နိုင်ငံလုံးရှိ တောင်သူ လယ်သမားများအတွက် မိုးစပါးချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲအပြင် Special Covid-19 Relief Loan ချေးငွေမှ တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ငွေကျပ်ဘီလီယံ ၆၀၀ အား ဇွန် ၂၂ ရက်မှ စတင်ထုတ်ချေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူ၏ ပြောကြားချက်အရ သိရသည်။
“ဒီချေးငွေက ကိုဗစ်-၁၉ ကြောင့် လယ်ယာ ကဏ္ဍ ထိခိုက်မှုတွေအတွက် တောင်သူလယ်သမား တွေကို ပံ့ပိုးကူညီဖို့၊ လယ်ယာကဏ္ဍ ထုတ်ကုန် ထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ ပြည်သူလူထုအတွင်း ငွေကြေးစီးဆင်းလည်ပတ်မှု ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အခုလို ထပ်ဆောင်းထုတ်ချေးတာ ဖြစ်ပါတယ်။ တစ်ဧကကို ငွေကျပ်ငါးသောင်းနှုန်းနဲ့ ချေးသွားမှာ ဖြစ်ပါတယ်။ အတိုးနှုန်းက လက်ရှိ စိုက်ပျိုးစရိတ်ချေးငွေအတိုးနှုန်းဖြစ်တဲ့ ၅ ရာခိုင်နှုန်း ပဲ ဖြစ်ပါတယ်”ဟု ဦးမင်းသူက ပြောသည်။
ယင်းချေးငွေ ငွေကျပ် ဘီလီယံ ၆၀၀ ကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ တောင်သူလယ် သမားများ၏ လယ်ယာဧက ၁၂ သန်း အတွက် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ထပ်ဆောင်းချေးငွေမှာ ယခင်ချေးငွေများကို သတ်မှတ်အချိန် အတွင်း အကျေဆပ်ပြီးသူများသာ အကျူံးဝင်ပြီး တောင်သူတစ်ဦးကို ၁၀ ဧကအထိ ချေးယူခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တောင်သူလယ်သမားများ ထံသို့ ဆောင်းချေးငွေ ငွေကျပ် ၃၆၂ ဘီလီယံ၊ မိုးကြို ချေးငွေ ၁၈ ဘီလီယံ တို့ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင် မိုးချေးငွေ ငွေကျပ် ၁၄၇၁ ဘီလီယံကို ထုတ်ချေးပေးလျက်ရှိပြီး ဆက်လက်၍ ကိုဗစ်ချေးငွေ ငွေကျပ် ဘီလီယံ ၆၀၀ တို့ကို ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါချေးငွေကို တောင်သူများ အနေဖြင့် တစ်နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
“ဒီချေးငွေတွေအပြင် JICA ချေးငွေအနေနဲ့ တောင်သူတစ်ယောက် ကို သိန်း ၅၀၀ အထိ ချေးပေးနေတဲ့ ချေးငွေလည်းရှိပါတယ်။ အဲဒီချေးငွေ တွေက တောင်သူလယ်သမားတွေ အတွက် လယ်ယာသုံးစက်ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး ချေးပေးနေပါတယ်။ လယ်သမားတွေကို ချေးပေးနေတာ ငွေကျပ် ဘီလီယံ ၂၀၀ ရှိနေပါပြီ။ တောင်သူ ၅၀၀၀ ကို ချေးပေးထားပြီး လည်း ဖြစ်ပါတယ်။ ဒီဘီလီယံ ၂၀၀ ကို နှစ်ပေါင်း ၄၀ အထိ ပြန်ဆပ်၊ ပြန်ချေးပုံစံနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် ရေရှည်မှာ တောင်သူ တွေအတွက် ပိုမိုအဆင်ပြေသွားမှာပါ” ဟု ဦးမင်းသူက ပြောသည်။
“ကျွန်တော်တို့ကို လက်ရှိ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဆောင်း ချေးငွေ၊ မိုးကြို ချေးငွေ၊ မိုး ချေးငွေနဲ့ ကိုဗစ် ချေးငွေဆိုပြီး ချေးပေးပါတယ်။ အခုထုတ်ချေးမယ့် ချေးငွေက ကျွန်တော်တို့ တောင်သူတွေရရှိနေတဲ့ စပါးတစ်ဧက တစ်သိန်းခွဲ၊ အခြားသီးနှံ တစ်သိန်းအပြင် ထပ်ဆောင်းထုတ်ချေး တဲ့ချေးငွေဖြစ်တဲ့အတွက် ကျွန်တော် တို့တောင်သူတွေအတွက် ပိုမို အဆင်ပြေပါတယ်”ဟု စလင်း မြို့နယ်မှ တောင်သူ ဦးဇော်ဆန်းဌေးက ပြောသည်။
“မနှစ်က စပါးနဲ့ အခြားသီးနှံ အပါအဝင် စိုက်ပျိုးစရိတ် ကိုးသိန်း ရပါတယ်။ ကိုဗစ်စဖြစ်တဲ့အချိန် ကတည်းက ပွဲရုံတွေလည်း ပိတ်ထား တော့ သီးနှံတွေကလည်း မရောင်းရ သေးဘူး။ အခုတော့ ပွဲရုံတချို့ ပြန်ဖွင့် နေပြီဖြစ်ပေမယ့် ဈေးက မကောင်း သေးဘူး။ လက်ရှိမှာ မိုးစပါးနဲ့ ဝါ၊ နှမ်း စိုက်ပျိုးဖို့အတွက် လယ်ယာတွေကို ကြိုတင်ပြင်ဆင်နေပါပြီ။ လယ်ယာ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ အတွက် ငွေက လိုနေပြီ။ ငွေကြေး ခက်ခဲတဲ့ တောင်သူတွေက အပြင်က ငွေချေးမယ်ဆိုရင် အတိုးနှုန်းက များတယ်။ အစိုးရက ကိုဗစ် ချေးငွေ အဖြစ် ထပ်မံချေးပေးသွားမယ်ဆိုတော့ တောင်သူတွေအတွက် ပိုပြီးအဆင် ပြေပါတယ်။ အတိုးနှုန်းလည်း နည်း တယ်။ ဒီချေးငွေက တောင်သူတွေ အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာပါ” ဟု တောင်သူ ဦးဇော်ဆန်းဌေးက ဆက်လက်ပြောပြသည်။
ထုတ်ချေးပေးမည်
ယခုထပ်မံထုတ်ထုတ်ချေးမည့် ထပ်ဆောင်းချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ၅၇ ခုနှင့် မြို့နယ်ဘဏ်ခွဲ ၁၅၁ ခု တို့မှ တောင်သူ လယ်သမားများထံ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Crd : The Mirror Daily

0 comments:

Post a Comment