Tuesday, June 9, 2020

ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာချက်

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များ စနစ် တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/ မမှန်စစ်ေဆး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင်ကြပါရန် (၂၃-၀၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် လည်း ကောင်း၊ Website များနှင့် လူမှုကွန်ရက်မီဒီယာများတွင်လည်းကောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ Passport (နိုင်ငံခြားသားများအတွက်) တစ်ခုခုဖြင့် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းခံရသည့် SIM Card များအား အပိုဒ် (၁) တွင် ဖော်ပြထားသည့် နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ကြပါရန်နှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ပိုင်း အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့ အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် မိမိတို့၏ SIM Card များကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
Crd : ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန #Myanmar_Online_News

0 comments:

Post a Comment