Wednesday, June 24, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ နှင့် ထိတွေ့ခဲ့သူ ၁၁ ဦးကို Quarantine ပြုလုပ်ထားဟုဆို

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ် ၂၉၂ နှင့်ထိတွေ့ခဲ့သူ ၁၁ ဦးရှိပြီး ၎င်းတို့အား Quarantine ပြုလုပ်ထားကြောင်း စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က စံတော်ချိန်ကို ပြောသည်။
"သူက ဘင်္ဂလားဒေ့ရှ်ကနေ လှေနဲ့လိုက်လာတာ ၂၁ ရက်က ရောက်တယ်။လှေပေါ်မှာ လှေလုပ်သား ၈ ယောက်ပါတယ်။အဲ့ဒီ ၈ယောက်လုံးကို Quarantine သွင်းထားတယ်။ နှာခေါင်းတို့ ဖတ်နမူနာယူပြီး ပို့ဖို့လုပ်ထားတယ်။ သူက ၂၁ ရက်နေ့မှာ Hotel Quarantine ဝင်တယ်လို့ ပြောတယ်။ ဟိုတယ်မှာ သူနဲ့ထိတွေ့ခဲ့တယ်လို့ ယူဆရတဲ့လူ ၃ ယောက်ရှိတယ်လို့သိရတယ်။ သူတို့၃ယောက်ဆီကလည်း နှာခေါင်းတို့ ဖတ်နမူနာယူဖို့ လုပ်နေတယ်"ဟု ၎င်းက ဆိုသည်။
လူနာအမှတ် - ၂၉၂ မှာ ဇွန် ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်တစ်စီးဖြင့် ရောက်ရှိလာသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရသည်။
"သူ့ရဲ့ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ သူ့ဆီမှာ ပိုးတွေ့ပြီဆိုကတည်းက စစ်တွေခုတင် ၅ဝဝ ဆံ့အထူးကု ဆေးရုံကြီးမှာ ကျန်းမာရေး ကုသမှုပေးနေတာ ဖြစ်ပါတယ်"ဟု ဒေါက်တာ စိုးဝင်းပိုင်ကဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုး သားတစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဇွန် ၂၃ ရက် ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
ယနေ့နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၂ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။
Ref ; The Standard Time Daily

0 comments:

Post a Comment