Monday, June 15, 2020

NLD ပါတီမှ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ်မှု ပျက်ပြယ်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ NLD ပါတီ ဗဟိုက သတ်မှတ်ထားသော အရည်ချင်း အတိုင်း ရွေးချယ်ရန် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ လက်မခံသဖြင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်မှု ပျက်သွားကြောင်း မြို့မိ၊ မြို့ဖများထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ NLD ပါတီရုံး၌ ဇွန် ၁၄ ရက်က ပြုလုပ်သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာများအတွက် ရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် NLD ပါတီဗဟိုက သတ်မှတ်သော အရည်အချင်း ၇ ချက်ဖြင့် ရွေးချယ်မှု ကို လက်မခံဘဲ၊ လျို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ရန် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့မှ တင်ပြချက် အပေါ် မြို့မိ၊ မြို့ဖတို့မှ လက်မခံသဖြင့် ရွေးချယ်မှု ပျက်ပြယ်ကာ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။
“ဗဟိုက ချမှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်း ၇ ချက်ရှိပါတယ်။ မရွေးချယ်မှီ ကျွန်တော်က တင် ပြပါတယ်။ အပေါ်က ချပေးတဲ့ မူဝါဒအတိုင်း ရွေးချယ်ဖို့ ပါတီမှာ သမိုင်းတစ်လျှောက် လုပ်လာခဲ့တဲ့သူတွေ ပါတီအပေါ်သစ္စာရှိတဲ့သူတွေ လုပ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ဦးစားပေးရွေးချယ်ဖို့ကို အားလုံးက သဘောတူခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နေရာတွေအတွက် အဲ့ဒီမူအတိုင်း ရွေးချယ်ခဲ့ပါတယ်။ တိုင်း(၁)နေရာအတွက် ယှဉ်ပြိုင်မယ့် နှစ်ဦးက သူတို့ နှစ်ဦး သဘောတူ မဲစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် နေရာအတွက်မှာ ငြင်းခုံမှုတွေ စလာပါတယ်။ အုပ်စုဖွဲ့ပြီး ငြင်းလာတာတွေ့ရတယ်။ ဗဟိုကချမှတ်ထားတဲ့မူမှာ အုပ်စုဖွဲ့ခြင်းကင်းရမယ်လို့ ပါထားတယ်။ နောက်ပြီး အလုပ်အမှုဆောင်အဖွဲ့က ဗဟိုရဲ့မူကို လက်မခံဘူးဆိုတော့ ရွေးချယ်ပွဲကို ကန့်ကွက်ခဲ့ကြောင်းနဲ့ ရပ်ဆိုင်းလိုက်ရတယ်။”ဟု ဝေါမြို့နယ်၊ NLD ပါတီ မြို့မိ၊ မြို့ဖ ဦးဝင်းစိန်က ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ဝေါမြို့နယ်မှ လွှတ်တော် ၄ ရပ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဝင် လွှတ် တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၁၁ ဦး ရှိပြီး လွှတ်တော်တစ်ရပ်စီတွင် ကိုယ်စားလှယ်လောင်း ၂ ဦးစီ ရွေး ချယ်ပေးရမည်ဖြစ်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ် စိစစ်ရွေးချယ်ရန် အတွက် မြို့မိ၊ မြို့ဖ ၅ ဦး၊ မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ ၁၆ ဦး၊ လူငယ်လုပ်ငန်းအဖွဲ့ ၂ ဦး၊ အမျိုးသမီး လုပ်ငန်း ကော်မတီအဖွဲ့ ၂ ဦးတို့ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
“ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ဗဟိုက ညွှန်ကြားချက်ထုတ်ထားပါတယ်။ ပထမအခြေခံမူပေးထားပါတယ်။ အဲဒီ အပေါ် ညှိနှိုင်းပြီး ရွေးချယ်ခိုင်းတယ်။ မရရင် မဲခွဲဆုံးဖြတ်ခိုင်းတယ်။ အမှတ်(၂)မှာ မူလ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ရယ်၊ အလုပ်အမှုဆောင်တစ်ဦးရယ်၊ လူငယ်ခေါင်းဆောင် တစ်ဦးရယ် ယှဉ်ပြိုင် ရွေးရမယ့် နေရာမှာ အလုပ်အမှု ဆောင် တစ်ဦးက လျှော့ပေးတယ်။ လူငယ်ခေါင်းဆောင်က မလျှော့ပေးဘူး။ ညှိတော့ ပုဂ္ဂိုလ်ရေးတွေပါလာပြီး ရပ်ဆိုင်းလိုက်ရတယ်။ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ရယူပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။”ဟု ဝေါမြို့နယ် NLD ပါတီ ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ဝေါမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ခဲ့သော အမည်စာရင်းမှာ ပြည်သူ့လွှတ်တော်အတွက် ဦးတင်ထွေး၊ အမျိုးသားလွှတ်တော်အတွက် ဒေါ်ကေသီအေး၊ ဦးထွန်းဝင်း၊ ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် ဦးမျိုးကြည်၊ ဦးမောင်နီ၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် မရွေးချယ်ခဲ့ရကြောင်း သိရသည်။
Ref ; Myitmakha News Agency

0 comments:

Post a Comment