Wednesday, June 17, 2020

လက်ရှိ အာဏာရ NLD ပါတီမှ ဝန်ကြီးချုပ်အများစု ရွေးကောက်ပွဲပြန်ဝင်ဖို့ စာရင်းပေးထားကြောင်းသိရ

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်အတော်များများဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ သူတို့မဲဆန္ဒနယ်တွေမှာ ပြန်ပြီး အရွေးခံဖို့ စာရင်းတွေ ပေးထားကြကြောင်း သိရပါသည်။
အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲပြန်ဝင်မယ့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကတော့ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ကချင်နဲ့ချင်း ပြည်နယ်နဲ့ တိုင်း ၈ ခုက ဖြစ်ပြီး ဒါကို ဝန်ကြီးချုပ်တချို့က အတည်ပြုသလို NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တွေကလည်း အတည်ပြုထားကြကြောင်း သိရသည်။
သူတို့တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကပဲ ပြန်ဝင်ဖို့ ပါတီကို လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးကြောင့် ဝင်ပြိုင်တော့မှာ မဟုတ် ဘူးလို့ သတင်းမီဒီယာ တချို့ကို ထုတ်ပြောထားပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကတော့ သူရဲ့ တိုင်းဒေသကြီးမှာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အရင်အနိုင်ရခဲ့တဲ့ ကော့သောင်းမဲဆန္ဒနယ် တိုင်းဒေသကြီးနေရာကနေ ဝင်ပြိုင်ဖို့ လျှောက်ခဲ့ရတာလို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ အမရပူရမြို့နယ်ကနေ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အဆိုပြုထားတယ်လို့ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ဟာလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်နယ်မြေတွေမှာ ဝင်အရွေးခံဖို့ စာရင်းပေးထားပြီ ဖြစ်တယ်လို့ သူတို့ရဲ့ ကိုယ်ရေးအရာရှိတွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သူ့အနိုင်ရခဲ့တဲ့ မြစ်ကြီးနား မဲဆန္ဒနယ်က ပြည်နယ် ကိုယ်စားလှယ်နေရာကို ဝင်ပြိုင်ခဲ့ပေမယ့် သူ့ကို အရန်နေရာပဲ ပေးခဲ့ပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်ကိုတော့ လျာထားအဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဒါကို မြို့မိမြို့ဖတွေနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေက မဲပေးရွေးချယ်ခဲ့တာဆိုပြီးတော့ ကချင်ပြည်နယ် NLD ပါတီဝင် ကိုမျိုးဇော်ဦးက ပြောပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ဟာလည်း သူတို့ အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကနေ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ပါတီကို အဆိုပြုထားကြတယ်လို့ NLD ပါတီရဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။
အခုလို ဝန်ကြီးချုပ်တွေအပြင် ပြည်နယ်နဲ့ တိုင်းတွေက ဝန်ကြီးတွေ အများစုဟာလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်နေရာတွေမှာ ပြန်ဝင်ဖို့ လျှောက်ထားကြတယ်လို့ မြို့နယ်ပါတီဝင်တွေက ပြောပါတယ်။
မြို့မိ မြို့ဖတွေက မရွေးတဲ့သူတွေကတော့ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုလွှာတွေကို ကိုယ်တိုင်တင်သွင်းခဲ့ကြပြီး ရန်ကုန်တိုင်းထဲမှာတော့ အဆိုပြုလွှာ ငါးရာကျော် လက်ခံရထားတယ်လို့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။
ပါတီဘက်ကတော့ မြို့မိမြို့ဖတွေက တင်တဲ့စာရင်းတွေအပြင် ကိုယ်တိုင်တင်တဲ့ အဆိုပြုလွှာတွေကို စိစစ်ပြီးမှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှာ ဖြစ်တယ်လို့ ပါတီပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။
Crd : BBC

0 comments:

Post a Comment