Wednesday, June 24, 2020

နေပြည်တော်တွင် NLD ပါတီရုံးချုပ်တည်ဆောက်ရန် မြေများ ဝယ်ယူထားပြီးပြီဟုဆို၊ ရုံးချုပ်တည်ဆောက်ရန်လည်း လုပ်ဆောင်နေကြောင်း NLD CEC အတည်ပြု

နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက မြေကွက်များ ဝယ်ယူထားပြီး ယင်းမြေပေါ်တွင် ပါတီရုံးချုပ် တည်ဆောက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က NLD ပါတီသည် မြို့လယ်ခေါင် နေရာကောင်းတွင် မြေဧက ၁၆ ဧက ဝယ်ယူထားကြောင်း ၊ SNLD ပါတီအနေဖြင့် နေပြည်တော် တောထဲတွင် မြေနေရာ ချထားပေး၍ မဝယ်ယူတော့ဘဲ ငြင်းဆန်ခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။
NLD ပါတီက မြေကွက်ဝယ်ယူထားမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးတိုက်ခိုက်မှုများ ရှိနိုင်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
" နိုင်ငံရေးအရ တိုက်ခိုက်မှုတွေက ဒီအခြေအနေမှာ အဲတာတွေကတော့ အများကြီးထွက်နေမှာပါပဲ။ ပါတီရုံးချုပ်ဆောက်ဖို့ရန်အတွက်မြေဝယ်ဆိုတာတော့ သိတယ်ဗျ။ အဲဒါရုံးကနေကော်မတီကနေပြီးတော့ရုံးဆောက် ဖို့ ဝယ်ထားတယ်ဆိုတာလောက်ပဲသိတယ်ဗျ။ အသေးစိတ်တော့ ကျွန်တော် မသိဘူးဗျ။ ဆောက်ဖို့အတွက်တော့ လုပ်နေတုန်းပဲဗျ။ ဘယ်တော့လောက် ဆောက်နိုင်မလဲဆိုတာတော့မသိဘူး။ မြေတော့ ဝယ်ထားပြီးပြီ" ဟု ဦးအောင်ကြည်ညွန့်က ရှင်းပြသည်။
လက်ရှိတွင် NLD ပါတီရုံးချုပ်ကို ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်တွင် ဖွင့်လှစ်ထားပြီး ယင်းရုံးချုပ်မှာ စစ်အစိုးရခေတ်အဆက်ဆက် ပါတီရုံးချုပ်အဖြစ် ကြံ့ကြံ့ခံတည်ရှိခဲ့သော နေရာဖြစ်သည်ဟု ပါတီဝင်တချို့က သုံးသပ်ပြောဆိုသည်။
Ref ; Khit Thit Media

0 comments:

Post a Comment