Saturday, June 20, 2020

နေပြည်တော်တွင် မြေတစ်ဧက ကျပ်သိန်း ၅၀ ဖြင့် NGOs အဖွဲ့များကို ရောင်းချပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးပြောကြား

မနေ့က ကျင်းပခဲ့သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် နေပြည်တော်၌ မြေတစ်ဧက ကျပ်သိန်း ၅၀ ဖြင့် လျှောက်ထားလိုသည့် NGOs အဖွဲ့အစည်းများရှိပါက စဉ်းစားသုံးသပ်ဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
လက်ရှိတွင် နေပြည်တော်ရှိ သီရိလေးမြို့နယ်တွင် မြေတစ်ဧကလျှင် ကျပ် သိန်း ၅၀ နှုန်းဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအပါအဝင် NGO အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ကို မြေနေရာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"နောက်ထပ် လျှောက်ထားလာရင်ရမလားဆိုတော့ လျှောက်လာတဲ့ အဖွဲ့အစည်း က ဘာ NGO လဲ၊ အဲဒီ NGO က ရည်ရွယ်ချက်က ဘာလဲ၊ ဆောင်ရွက်မယ့် စီမံကိန်း အဆိုပြုနေရာက ဘယ်နေရာကို တောင်းတာလဲပေါ့နော်။ နောက်တစ်ခုက အဲဒီလို တောင်းလာတဲ့ဟာပေါ်မှာ ချထားပေးလိုက်ရင် နိုင်ငံတော်နဲ့ အများပြည်သူအကျိုးကို ဘယ်လိုမျိုး ပြန်ပြီးပေးမှာလဲ။ ဒီလိုမျိုးအချက်တွေ အခြေခံပြီးတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်"ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ဇွန် ၁၉ ရက် နံနက် ၁၁ နာရီက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ နေရာချထားပေးသည့် အဖွဲ့အစည်း ၂၄ ဖွဲ့တွင် ရန်ကုန်မြို့တော်စည်ပင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေး စည်ပင်၊ UMFCCI၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ သူနာပြုသားဖွားအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာများအသင်း၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၊ အမျိုးသမီးနှင့် ကလေး သူငယ်များ ဘ၀မြှင့်တင်ရေးအသင်း၊ စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီရုံး၊ ကျေးလက်သက်မွေးပညာစခန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးဗဟို၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုရုံးချုပ်၊ မြို့နယ်စစ်မှုထမ်းဟောင်းကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံး၊ မြန်မာနိုင်ငံမသန်စွမ်းဗဟို၊ မြတ်စေတနာဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းရုံး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (နေပြည်တော်ရုံးခွဲ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ၊ ရင်ခွင်မဲ့ကလေးသူငယ် စောင့်ရှောက်ရေးစသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
နေပြည်တော်စည်ပင်အနေဖြင့် ယင်းအဖွဲ့အစည်းများအား နေရာချထားခွင့်ပြု ရာတွင်လည်း နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့်အတွက် အရေးကြီး နေရာဌာနများ၏ လုံခြုံရေး အခြေအနေကို ခြုံငုံသုံးသပ်ပြီး လျှောက်ထားသည့်အဖွဲ့အစည်း များ၏ အဆိုပြုမြေနေရာ၊ မြေအသုံးချမှုနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ဆက်စပ် စဉ်းစားကာ ချထားပေးခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
Crd : The Standard Time

0 comments:

Post a Comment