Tuesday, June 23, 2020

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)မှ ရန်ကုန်စီမံကိန်းတွင်ပါရှိသော HIVလူနာကုသရေး သာကေတမြို့နယ်ဆေးခန်းပိတ်သိမ်း

နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)က အိတ်ချ်အိုင်ဗွီလူနာတွေအတွက် ဖွင့်လှစ်ခဲ့တဲ့ သာကေတမြို့နယ်က ဆေးခန်းကို ဇွန်လ (၂၂) ရက်က စတင်ပြီး ပိတ်သိမ်းလိုက်ပြီလို့ MSF ရဲ့ မီဒီယာပြန်ကြားရေးတာဝန်ရှိသူ ကိုဇော်လင်းနိုင်က ပြောပါတယ်။
ဒီသာကေတမြို့နယ်ဆေးခန်းဟာ နယ်စည်းမထားဆရာဝန်များအဖွဲ့က ဆောင်ရွက်နေတဲ့ ရန်ကုန်စီမံချက်ထဲမှာ ပါဝင်ပြီး အခုဆေးခန်းကို ပိတ်သိမ်းလိုက်ပေမယ့် စီမံချက်ထဲမှာ ပါဝင်တဲ့ ရန်ကုန်က အခြားမြို့နယ်ဆေးခန်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ MSF က ဇွန်လ (၂၂) ရက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စီမံချက်ရဲ့ (၁၈) နှစ်တာကာလအတွင်းမှာ ဒီသာကေတဆေးခန်းကနေ လူနာပေါင်း (၁၇၀၀၀) ကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို ဆေးခန်းပိတ်သိမ်းလိုက်တဲ့အခါ ဆေးခန်းမှာ လတ်တလောကုသနေတဲ့ လူနာတွေကို အစိုးရက လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (NAP)ကို MSF ကနေ ကုသမှု လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
အခုလို သာကေတမြို့နယ်က ဆေးခန်းကို ပိတ်သိမ်းလိုက်တာဟာ အစိုးရရဲ့ အိတ်ချ်အိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းစဉ်အောင်မြင်ပြီး နိုင်နင်းစွာဆောင်ရွက်လာနိုင်တာကြောင့်လို့ ကိုဇော်လင်းနိုင်က ပြောပါတယ်။
နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)အနေနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဆောင်ရွက်နေတဲ့ ထိခိုက်လွယ်အုပ်စုတွေနဲ့ အဓိကရောဂါပိုး ကူးစက်ခံထားရသူတွေ အိတ်ချ်အိုင်ဗွီကာကွယ်ကုသရေးတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment