Friday, June 26, 2020

KNU/KNLA(PC)ရာထူးချီးမြှင့်ခန့်အပ်ပွဲအခမ်းအနားတစ်ခုအား နေစိုးမြကျေးရွာတွင် ကျင်းပပြုလုပ်

မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်း၊ နေစိုးမြကျေးရွာတွင် ဇွန်လ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်ကKNU/KNLA(PC)ရာထူးချီးမြှင့်ခန့်အပ်ပွဲအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ KNU/KNLA (PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ၊ လေ့ကျင့်ရေးဌာနမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောသာအေး၊ ပြန်ကြားရေးဌာနမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောကိုကြီးကျော်၊ အမှတ်(၇၇၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဝင်းကျော်၊ အမှတ်(၅၅၅)အထူးလုံခြုံရေးတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောလင်းလင်း၊ ဗျူဟာ(၂)မှစည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ဗိုလ်မှူးစောအောင်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် စောနေစိုးမြ၊ စောသာအေးတို့မှ ဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် စောကိုကြီးကျော်မှ ဆောင်ရွက်ခဲ့ပြီး အစီအစဉ်အရ တက်ရောက်လာသူများမှ ခရစ်ယာန် ဘာသာထုံးတမ်းစဉ်လာအရ ဘုရားသခင်အားချီးမွမ်းဆုတောင်းပြီး နောက် ကရင့်အမျိုးသားအလံအားအလေးပြုခဲ့ကြသည်။
၎င်းနောက် KNU/KNLA (PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ "ရာထူးတိုးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများအားလုံးကို မဂ်လာပါဟု ဦးစွာပြောကြားလိုကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနားဟာ တပ်ဖွဲ့ဝင်များ၏ အရည်အချင်းနှင့်ကိုက်ညီသူများအား သင့်တော်သည့် ရာထူး ကိုပေးအပ်သည့် အခမ်းအနားတစ်ရပ်ဖြစ်ပြီး ရာထူးတိုးမြှင့်ခြင်းခံရသည့် တပ်ဗိုလ်/တပ်မှူးများအနေဖြင့် ထိုက်တန် သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်ဗိုလ်/ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များအနေဖြင့် တရားဉပဒေနှင့်မညီသည့် မူးယစ်ဆေးဝါး ကိစ္စရပ်များ၊ လောင်းကစားကိစ္စရပ်များ၊ လက်နက်မှောင်ခို ကိစ္စရပ်များတွင် ပါဝင် ပတ်သက်ခြင်းမရှိစေရန်လိုမည်ဖြစ်ကြောင်း၊ အထက်မှ ချမှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအား ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူခြင်း၊ ရာထူးလျော့ချ ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် NCA စည်းမျဉ်း/ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရာထူးပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဗိုလ်မှူးအဆင့်(၁)ဦး၊ဗိုလ်ကြီးအဆင့်(၂၀)ဦး၊ ဗိုလ်အဆင့်(၁၅)ဦး၊ ဒုဗိုလ်အဆင့်(၂၅)ဦး၊ အရာခံဗိုလ်အဆင့်(၄)ဦး၊ စုစုပေါင်း(၆၅)ဦးတို့အား KNU/KNLA (PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြမှ အဆင့်တံဆိပ်များတပ်ဆင်ပေးခြင်း၊ ကတိသစ္စာပြုခြင်း၊ သစ္စာရေတိုက် ခြင်းများဆောင်ရွက်ပေးပြီး၊ လေ့ကျင့်ရေးဌာနမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောသာအေးမှဆက်လက်၍ အမှာစကားပြောကြားရာ "တပ်ဖွဲ့ဝင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦးစည်းလုံးညီညွတ်စွာနေထိုင်ပြီး ရရှိလာသည့် တာဝန်နှင့်အညီ စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း"ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးဌာနမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောကိုကြီးကျော်မှ ကျေးဇူးတင်စကားပြောကြားရာတွင် "တပ်ဗိုလ်/တပ်မှူးများ အနေဖြင့် စစ်ဗိုလ်ဖြစ်နေသည်ဆိုသည့်အတွက် လုပ်ချင်ရာလုပ်လို့မရကြောင်း၊ ပြည်သူကိုအနိုင်ကျင့်၍ မရကြောင်း၊ ရာထူးနှင့်တာဝန်ကို ခွဲခြားသိမြင်နိုင်ရမည် ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါး၊ လောင်းကစား၊ လက်နက် မှောင်ခိုများကို လုံးဝရှောင်ကျဉ်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နေသည့် သတင်းများ ရရှိပါကလည်း သက်ဆိုင်ရာ တပ်မတော်၊ အစိုးရဌာနဆိုင်ရာများနှင့် ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံနှင့်လူမျိုးကို အကျိုးပြုနိုင်သည့် တပ်ဗိုလ်/တပ်မှူးများဖြစ်အောင် ကြိုးစားကြ စေလိုကြောင်း"ပြောကြား၍
တက်ရောက်လာ သူများမှ ကရင်အမျိုးသားသီချင်းသီဆို၍ စုပေါင်းအမှတ်တရာဓါတ်ပုံများရိုက်ကာ၊ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးဧည့်ခံပြီး နံနက်(၉း၃၀)အချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သတင်း - မြတ်ကို(ဒေါနမြေ)

0 comments:

Post a Comment