
Yangon Water Bus တည်ထောင်သူ တင့်တင့်မြန်မာကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့်လွင်ကို KBZ ဘဏ်က ကျပ် ၇ ဘီလီယံရလိုမှုဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သတင်း ပြန်ကြားရေးအဖွဲ့မှ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒေါ်တင့်တင့်လွင်ကို ဆင့်ခေါ်ထားသည်ဟု သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
ကမ္ဘောဇဘဏ်က ရန်ကုန် Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်အား ပိုင်ဆိုင်ထားသော စာချုပ်စာတမ်းများ အပ်နှံ၍ ပေါင်နှံထားသောပစ္စည်းများကို ရောင်းချပေးစေလိုမှု တရားမကြီး အမှတ် ၂၅/၂ဝ၂ဝ အရ ကျပ်သိန်းပေါင်း လေးသောင်းခြောက်ထောင်ငါးရာနှစ်ဆယ်လေး သိန်းတသောင်းနှစ်ထောင့်ငါးရာနှစ်ဆယ်တကျပ်၊ ၅၅ ပြားရလိုမှု၊ တရားမကြီးအမှတ် ၂၆/၂ဝ၂ဝ အရ ကျပ်သိန်းပေါင်း တသောင်းသုံးထောင့်သုံးရာသုံးဆယ့်ကိုးသိန်း၊ တသောင်းရှစ်ထောင့်လေးရာနှစ် ဆယ်ခုနစ်ကျပ်ရလိုမှု တရားမကြီးအမှတ် ၂၇/ ၂ဝ၂ဝ အရ ကျပ်သိန်းပေါင်းနှစ်သောင်း၊ ရှစ်သိန်းလေးထောင်နှစ်ရာကိုး ဆယ်တကျပ်နှစ်ဆယ့်လေးပြားရလိုမှု စသည့် တရားမကြီးအမှု ၃ မှုဖြင့် အမှုဖွင့် ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခရီးသည်းများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါလျှောက်ထားသူ ၃ဝ ဦးရှိသည့် အနက်မှ ဆန်ခါတင်ကုမ္ပဏီ ၂ ခုကိုရွေးချယ်ကာ စွမ်းဆောင်ရည်အများဆုံးနှင့် အကောင်းဆုံးဖြစ်သည့် တင့်တင့်မြန်မာ ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက Water Bus မိတ်ဆက်ပွဲ အခမ်းအနား တွင် ပြောဆိုခဲ့ဖူးသည်။
Yangon Water Bus ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့ပြီး ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ပြင်ဆင်စရာရှိသည့်ဟုဆိုကာ ခေတ္တရပ်ဆိုင်းထားမည်ဟု Yangon Water Bus လူမှုကွန်ရက်မှ သတင်း ထုတ်ပြန်ထားသည်။
KBZ ကုမ္ပဏီက တရားစွဲဆိုထားသည့် တရားမမှုကြီးများနှင့်ပတ်သက်ပြီး ဒေါ်တင့်တင့်လွင်အနေဖြင့် လာရောက်ဖြေရှင်းရန် ဇူလိုင် ၂၁ ရက်တွင် သမ္မန်စာထုတ်ပြီးဆင့်ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သတင်း ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။
ထို့ပြင် Petro & Trans Group ကုမ္ပဏီကလည်း စက်သုံးဆီကြွေးကျပ်သိန်း ရဝဝ ကျပ်ရလိုမှုဖြင့် တင့်တင့်မြန်မာကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုထားကြောင်း သိရသည်။



TCM
0 comments:
Post a Comment