Monday, June 8, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ပြီဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ပထမဦးဆုံးကြေညာ

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19ရောဂါပိုးတွေ့ရှိသူ နောက်ဆုံးတစ်ဦးအား သီးသန့်ခွဲခြားနေထိုင်စေပြီး ကုသပေး ရာကနေ ပြီးဆုံးသွားတဲ့အတွက် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အက်ရှ်လေ ဘလွန်းဖီးက ပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် မှ စပြီး ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ မရှိတာဖြစ်ပါတယ်။ ဒါဟာ ထူးခြားတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူမရှိအောင်လုပ်ဆောင်ဖို့က အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်ရန်အတွက် တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ပြဌာန်းခဲ့ရာ သီတင်း (၇)ပတ် ရှိပြီး ပြီးခဲ့တဲ့လကတော့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။
တောင်ပစိဖိတ်နိုင်ငံဖြစ်တဲ့ နယူးဇီလန်မှာ လူဦးရေ ၅ သန်းနေထိုင်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ၁,၁၅၄ ဦးရှိပြီး သေဆုံးသူ ၂၂ ဦး ရှိကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မရှိခဲ့တာ ၁၇ ရက် ကြာပြီး ပိုးတွေ့ရှိခဲ့သူတစ်ဦးအဖြစ် သီတင်းတပတ်ကျော်ကြာပြီးနောက် ရောဂါပိုးကင်းစင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ရောဂါပိုးတွေ့ရှိသူမှာ အသက် ၅၀ အတွင်းရှိ အမျိုးသမီးဖြစ်ကြောင်း၊ အဲဒီအမျိုးသမီးဟာ စောင့်ရှောက်ရေးဂေဟာမှ တဆင့်ကူးစက်ခံခဲ့ရသူဖြစ်ကြောင်း သိရပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ် က ဒီနေ့ နှောင်းပိုင်းမှာ ဗိုင်းရပ်စ်ပိုး သတိပေးချက် အနိမ့် ဆုံး အဆင့် (၁) အဖြစ်လျှော့ချဖို့ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအဆင့်မှာ နိုင်ငံတကာနယ်စပ်ဂိတ်တွေကိုတော့ ကန့်သတ်ချက်အတွင်း ရှိနေမှာဖြစ်ပေမယ့် ပြည်တွင်းမှာတော့ လူစုလူဝေးသွားလာနိုင်ပြီး မဖြစ်မနေ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး အစီအစဉ်ကို ရုပ်သိမ်းမယ်လို့ သိရပါတယ်။
Source : AFP

0 comments:

Post a Comment