Friday, June 26, 2020

COVID – 19 ကြောင့်မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းထားသည့် ၆.၄ ရာခိုင်နှုန်းအစား ဝ.၅ ရာခိုင်နှုန်းသို့ ကမ္ဘာဘဏ် ပြင်ဆင်သတ်မှတ်

COVID – 19 ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းထားသည့် ၆.၄ ရာခိုင်နှုန်းအစား ဝ.၅ ရာခိုင်နှုန်းသို့ ကမ္ဘာဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ကြောင်းသိရသည်။
ကပ်ရောဂါသည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းအား နှေးကွေးကျဆင်းလျက်ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ်ကိုလည်း ရိုက်ခတ်လာသည့် အတွက် ပြင်ဆင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ကမ္ဘာဘဏ်က“ မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ်မှု လုပ်ငန်းဆောင်တာ နှစ်ဘက်စလုံးတွင် ထိခိုက်ရသည်။ စိုက်ပျိုးရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍများ ခံနိုင်ရည်စွမ်းအား ကောင်းမွန်နေဆဲဖြစ်သော်လည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ဖြစ်စဉ်တစ်လျှောက်လုံး ထိခိုက်စေပြီး တစ်ကမ္ဘာလုံးတွင် ဝယ်လိုအား ကျဆင်းမှုကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ကပ်ရောဂါထိန်းချုပ်နိုင်ရန် အသွားအလာ ကန့်သတ်မှုများ၊ ထိန်းချုပ်မှုများကလည်း လက်လီ လက်ကား ရောင်းဝယ်ရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအား ဆိုးရွားစွာ ထိခိုက်စေခဲ့သည်”ဟုထုတ်ပြန်ထားသည်။
ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးကျဆင်းလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာလည်း ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ တွင် ၆.၄ ရာခိုင်နှုန်းဟု ခန့်မှန်းထားရာမှ ဝ.၅ ရာခိုင်နှုန်း ရှိမည်ဟု ပြင်ဆင်သတ်မှတ်လိုက်သည်ဟု ကမ္ဘာဘဏ်က ဆိုသည်။
ယင်းအပြင် Baseline ယူဆချက်အရ လာမည့်ဘဏ္ဍာနှစ် ၂၀၂၀/၂၀၂၁ အတွက် စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်မှာ ၇.၂ ရာခိုင်နှုန်းသို့ ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားသည်။ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှုကဏ္ဍ တိုးချဲ့မှုများ၊ ပို့ကုန်တိုးတက်လာခြင်းနှင့် တစ်ဦးချင်း ဝယ်ယူစားသုံးမှု ပြန်လည်ခေါင်းထောင်လာခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းသည် ကပ်ရောဂါသည် အကြပ်အတည်းမတိုင်ခင် လမ်းကြောင်းပေါ်ကို ပြန်ရောက်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာပါက ဆက်လက်အားကောင်းနေသည့် အွန်လိုင်းအခြေပြုစီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍများတွင် ဝန်ဆောင်မှုများ အရှိန်ရလာကာ တိုးတက်ဖွံ့ဖြိုးလာမည်ဟု ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် လာမည့် အလယ်အလတ်ကာလအတွင်း ၇.၅ ရာခိုင်နှုန်းအတွင်း မြင့်မားနေမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း ရှေ့ခရီးတွင် သတိထားရမည့် အန္တရာယ်စိန်ခေါ်မှုများလည်း ကြီးကြီးမားမားရှိနေသည်။ ကမ္ဘာ့စီးပွားရေး တုန့်နှေးမှု ပိုမိုဆိုးရွားလာမည့် အခြေအနေနှင့် ပြည်တွင်း ကြွေးမြီ မတည်ငြိမ်မှုများ ရှိလာပါက ထို့အပြင် မှန်းရခက်ခဲသည့် ကပ်ရောဂါအခြေအနေကလည်း စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် သက်ရောက်မှုများ ရှိနိုင်သည်။ ရေရှည်တွင် COVID – 19 သည် မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် ကုန်ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးမားစေနိုင်သည့်အတွက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အရေးကြီးလာလျက်ရှိပါဟု ကမ္ဘာဘဏ်က အကြံပြုထားသည်။
Crd : Myanmar Harp

0 comments:

Post a Comment