Friday, June 26, 2020

COVID-19 ရောဂါ ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာရန် ဘရာဇီးသမ္မတအား တရားရုံးက အမိန့်ထုတ်ပြန်

ဘရာဇီးနိုင်ငံရှိ တရားရုံးတစ်ခုက သမ္မတ ဘော်ဆိုနာရိုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာရန်နှင့် ပြည်သူများနှင့်တွေ့ဆုံရာတွင် နှာခေါင်းစည်းဝတ်ဆင်ပြီးမှ တွေ့ဆုံရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
သမ္မတ ဘော်ဆိုနာရိုအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာခြင်း မရှိပါက အမေရိကန်ဒေါ်လာ ၃၉၀ ဝန်းကျင် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်ဟု အဆိုပါ အမိန့်စာတွင် ပါရှိသည်။
သမ္မတ ဘော်ဆိုနာရိုသည် ကိုဗစ်-၁၉ ရောဂါ စတင်ပျံ့နှံ့ခဲ့သည့်အချိန်မှစပြီး လက်ရှိ အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ် အလေးထားမှုလုံးဝမရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကို သာမန်အအေးမိရောဂါတစ်ခုအဖြစ်သာ ရှုမြင်လျက်ရှိသည်။ ထို့ကြောင့် ယင်းအားထောက်ခံသည့် ပြည်သူများနှင့် တွေ့ဆုံရာတွင် မကြာခဏဆိုသလို နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိဘဲ တွေ့ဆုံလေ့ရှိသည်။
ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်
လက်ရှိအချိန်တွင် ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအရေအတွက် ဆက်လက်မြင့်မားလျက်ရှိသည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၁ ဒသမ ၁၄ သန်းရှိပြီး သေဆုံးသူ ၅၂၀၀၀ ကျော်ရှိကြောင်း အမေရိကန်နိုင်ငံ၏ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စစ်တမ်းများအရ သိရသည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနိုင်ငံများ စာရင်းတွင် ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
Crd : The Mirror Daily

0 comments:

Post a Comment