Saturday, June 20, 2020

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင်COVID-19 ရောဂါပိုး ကင်းစင်နေပြီဖြစ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုတွင် COVID-19ရောဂါပိုးကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုမှာ နေပြည်တော်ကောင်စီ၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာ၀တီတိုင်းဒေသ ကြီးတို့ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင် အဆိုပါဝန်ကြီးဌာန၏ ရောဂါဖြစ်ပွားမှု ခြုံငုံ သုံးသပ်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကယားပြည်နယ် တစ်ခုသာ ကိုဗစ် - ၁၉ ရောဂါပိုးရှိလူနာ မတွေ့ရှိခဲ့ဘဲ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခု နှင့် နေပြည်တော်ကောင်စီတွင် ပိုးရှိလူနာများ တွေ့ရှိခဲ့သည်။
ယခု ရောဂါပိုးကင်းစင်သွားပြီဖြစ်သော ဒေသခုနစ်ခုတွင် ယခင်ရောဂါပိုး တွေ့ရှိခဲ့သည့် လူနာအရေအတွက်မှာ နေပြည်တော်တွင် ပိုးတွေ့လူနာတစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် သုံးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်ဦး၊ မွန် ပြည်နယ်တွင် တစ်ဦးနှင့် ဧရာ၀တီတိုင်း ဒေသကြီးတွင် တစ်ဦးရှိခဲ့သည်။
မြို့နယ် ၃၃၀ တွင် ၆၂ မြို့နယ်တွင်သာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၂၆၈ မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိလူနာ မတွေ့ရှိခဲ့ရကြောင်း ခြုံငုံသုံးသပ်မှုအခြေအနေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၉မြို့နယ်တွင် ပိုးရှိလူနာတွေ့ရှိခဲ့ရပြီး လူနာစုစုပေါင်း ၂၀၁ ဦးရှိသည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် စုစုပေါင်း ပိုးတွေ့လူနာ ကိုးဦးရှိခဲ့ပြီး ချင်းပြည်နယ်တွင် မြို့နယ်လေးခုမှ ပိုးတွေ့လူနာ ၁၀ ဦး အထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာစုစုပေါင်း ၂၆၃ ဦး၊ ပိုးကင်းစင်သူ ၁၈၅ ဦးနှင့် သေဆုံးသူ ခြောက်ဦး ရှိနေသည်။
Crd : The Voice
Photo : One News

0 comments:

Post a Comment