Sunday, June 21, 2020

ဩစတြေးလျပြည်နယ်တစ်ခုမှာ COVID-19 ကူးစက်နှုန်းမြင့်တက်မှုကြောင့် အရေးပေါ်အခြေအနေ တိုးချဲ့ထုတ်ပြန်

ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေမှုကြောင့် အရေးပေါ် အခြေအနေထုတ်ပြန်ထားမှုကို နောက်ထပ် လေးပတ်တိုးပြီး ဇူလိုင် ၁၉ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ယနေ့ (ဇွန် ၂၁ ရက်) ကြေညာပါတယ်။
ဗစ်တိုးရီးယားမှာ အိမ်ထောင်စုများထံ အလည်အပတ်သွားရောက်ပါက လူငါးဦးထက်မပိုရန်နဲ့ နေအိမ်ပြင်ပ စုရုံးမှုကို ၁၀ ဦးထက်မပိုရန် ကန့်သတ်ချက်များ ပြန်လည် ချမှတ်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို တိုးချဲ့လိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာတော့ အိမ်ထောင်တစ်ခုထံ လူ ၂၀ ဦး အလည်အပတ်သွားနိုင်ပြီး အများပြည်သူ စုရုံးမှုတွေကို ပြန်လည်ခွင့်ပြုထားခဲ့ရာမှ ယခုအခါ ကန်သတ်ချက်တွေ ပြန်လည်ထားရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ယနေ့ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၉ ဦး စစ်ဆေးအတည်ပြုခဲ့ပြီး ကူးစက်မှုအသစ် ဂဏန်းနှစ်လုံး အရေအတွက် မြင့်တက်လာမှုကို ငါးရက်မြောက်အဖြစ် တွေ့ရှိခဲ့ရကြောင်း Reueters သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်အထိ ဗစ်တိုးရီးယားပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ ၁,၈၃၆ ဦး တွေ့ရှိထားပြီး ထိုအရေအတွက်ဟာ ဩစတြေးလျမှာ ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး တစ်နိုင်ငံလုံးရှိ လူနာစုစု ပေါင်းရဲ့ လေးပုံတစ်ပုံလည်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယားမှာ တွေ့ရှိရတဲ့ အတည်ပြုူနာ ၂၁၀ ဦးဟာ ပြည် နယ်အတွင်း ကူးစက်ခံရသူများဖြစ်ပြီး မိသားစုတွေက ပါတီပွဲကြီးများ၊ နေ့လယ်စာစားပွဲနဲ့ ညစာစားပွဲများ ကျင်းပခဲ့ကြခြင်းက ကူးစက်မှုအကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီး Jenny Mikakos က ပြောပါတယ်။
ဗစ်တိုးရီးယားမှာ ဇွန် ၁ ရက်နေ့မှစပြီး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့ရာ ထိုပွဲများသို့ ရောဂါလက္ခဏာ မပြင်းထန်သူများလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ "လတ်တ‌လော ရက်ပိုင်းထဲမှာ ကူးစက်မှုအရေအတွက် မြင့်တက်နေတာက ကျွန်တော်တို့ကို သိသိသာသာ စိုးရိမ်ပူပန်မှု ဖြစ်စေပါတယ်၊ ဒါက တစ်ကယ့် အရေးတကြီး အခြေအနေတစ်ခု ဖြစ်နေဆဲပါ" လို့ Jenny Mikakos က ပြောပါတယ်။
အရေးပေါ်အခြေအနေ တိုးချဲ့သတ်မှတ်လိုက်မှုအရ ရဲတပ်ဖွဲ့က စည်းမျဥ်းညွှန်ကြားချက်များ လိုက်နာစေရန် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ "ဒီအချိန်က အားရကျေနပ်စရာ မဟုတ်ပါဘူး၊ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအပေါ် အနိုင်ယူနေတာကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့ အားလုံးက ပါဝင်လုပ်ဆောင်ရမယ့်အချိန်ပါ" လို့ ဗစ်တိုးရီးယားရဲဌာန အကြီးအကဲ Lisa Neville က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယနေ့အထိ စာရင်းတွေအရ ဩစတြေးလျမှာ COVID-19 ကူးစက်ခံရသူ ၇,၄၃၆ ဦး၊ သေဆုံးသူ ၁၀၂ ဦးနဲ့ ပြန်လည်သက်သာသူ ၆,၈၈၁ ဦးရှိခဲ့ပါတယ်။ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၉ သန်းနီးပါးရှိလာပြီး ၄၆၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ အရေအတွက်ကတော့ ၄.၇ သန်းကျော်ရှိကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment