Monday, June 15, 2020

ပုဂံဘုရားအချို့ ဌာပနာဖောက်ခံရမှု ၊ မီးရှို့ခံရမှုတို့ မှ တရားခံဖမ်းမိရေး CID စုံစမ်းနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံဘုရားအချို့ ဌာပနာဖောက်ခံရမှု ၊ မီးရှို့ခံရမှု တို့နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် မှုခင်းရဲတပ်ဖွဲ့ (CID) က စုံစမ်းလျှက်ရှိကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည် ။
ဇွန်လ ၈ ရက်က တောင်ဘီကျေးရွာအုပ်စု ရွာဟောင်းကြီးဘုရားမြောက်ဘက်ဘုရားစုများထဲမှ ဘုရားငါးဆူ ဖောက်ထွင်းခံခဲ့ရပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖောက်ထွင်းခံရသည့် ပုံစံဖြင့် ဘုရား ၃၃ ဆူထိရှိခဲ့သည် ။ အဆိုပါဘုရားများထဲမှ ၁၂ ဆူသည် ဖောက်ထွင်းခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ကျန်ဘုရားများမှာ ဘုရားပြန်လည်ပြုပြင်သူများက ဌာပနာပိတ်မထားခြင်းဖြစ်ကြောင်း သိရသည် ။
ထို့အပြင် ဇွန်လ ၉ ရက်ကလည်း နံရံဆေးရေးပန်းချီအများအပြားရှိသည့် လောကထိပ်ပန်ဘုရား၌ ဘုရားအဝင်သံတံခါးကို ကာထားသည့် ဝါးယင်းလိပ် မီးရှို့ခံခဲ့ရသည် ။
``တပ်မတော်ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗျူဟာမှုးတစ်ယောက်က အနီးကပ်ကြီးကြပ်ပြီး ဝိုင်းကူပေးနေတယ်။ နယ်မြေခံတပ်ရင်းက ထုတ်နှုတ်အင်အားတွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအင်အားတွေနဲ့ လှည့်ကင်းပတ်ကင်းတွေကို လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုးပြီးတော့ ညှိနှိုင်းကွပ်ကဲပေးနေတယ်။ လုံခြုံရေးတွေချထားတယ်ဆိုတော့ လက်ရှိပုဂံအနေအထားကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ CID က ဒုတိယရဲမှုးကြီးတစ်ဦးနဲ့ အဖွဲ့က တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်´´ ဟု ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
ဖောက်ထွင်းခံထားရသည့် ဘုရားများသည် နဝတ အစိုးရလက်ထပ်က အသစ်ပြန်လည်ပြုပြင်ထားသည့် ဘုရားများဖြစ်ပြီး မီးရှို့ခံခဲ့ရသည့် ဘုရားတွင်လည်း နံရံဆေးရေးပန်းချီများကို ထိခိုက်မှုရှိခဲ့ကြောင်း သိရသည် ။
Ref ; The Fifth Wave News

0 comments:

Post a Comment