Thursday, June 18, 2020

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် မျက်မမြင်သုံးစက္ကူ Braille စာရွက်များ လှူဒါန်းသည့် အခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် မျက်မမြင်သုံးစက္ကူ Braille စာရွက်များ လိုအပ်လျက်ရှိရာ ဗန်ကောက်မြို့၊ မြန်မာသံရုံး ဝန်ထမ်းမိသားစုများနှင့် ထိုင်းနိုင်ငံရောက် စေတနာရှင် မြန်မာလုပ်ငန်းရှင်အချို့တို့က ထိုင်းဘတ် ၃၂၂,၅၀၀/- (သုံးသိန်းနှစ်သောင်း နှစ်ထောင့်ငါးရာတိတိ) နှင့် ညီမျှသော ရွက်ရေ ၅၀၀ ပါ မျက်မမြင်သုံးစက္ကူထုပ် ၄၃၀ ၊ စုစုပေါင်း စာရွက်ရေ ၂၁၅,၀၀၀ လွှဲပြောင်းလှူဒါန်းပေးအပ်သည့် အခမ်းအနားကို ၁၈-၆-၂၀၂၀ ရက်တွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်ပုဂ္ဂိုလ်များ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က စက္ကူထုပ်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက လက်ခံရယူလျက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကလေးများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြုလုပ်ရန် (၁၁x၁၁) လက်မ၊ အလေးချိန် (၁၄၀) ဂရမ်နှင့် (၁၆၀) ဂရမ်ကြားရှိ မျက်မမြင်သုံးစက္ကူ Braille စာရွက် (၁၂၀၀၀၀) ခန့်ကို နှစ်စဉ်သုံးစွဲနေရပြီး ပြည်တွင်း၌ ဝယ်ယူရရှိနိုင်မှု မရှိခြင်းနှင့် ယခုထက်ပိုမိုရရှိလိုခြင်းတို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် မေတ္တာရပ်ခံလာခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလှူရှင်များရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် အာဆီယံဒေသတွင်းနိုင်ငံများရှိ မြန်မာသံရုံးများနှင့် တိုကျိုမြို့၊ ဆိုးလ်မြို့၊ နယူးဒေလီမြို့များရှိ မြန်မာသံရုံးများသို့ ညှိနှိုင်းအကြောင်းကြားခဲ့ပါသည်။
ယခုလှူဒါန်းမှုအပြင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံရုံးမှ ပေးပို့ခဲ့သည့် မျက်မမြင်သုံးစက္ကူ ရွက်ရေ (၁၀၀၀)နှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ လှူဒါန်းမည့် မျက်မမြင်သုံးစက္ကူရွက်ရေ (၈၀၀၀) အနက် ကနဦးလက်ခံရရှိခဲ့သည့် ရွက်ရေ(၂၀၀၀) တို့ကိုလည်း ကြည့်မြင်တိုင်မျက်မမြင်ကျောင်း သို့ ပေးပို့လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ အခြားမြန်မာသံရုံးများမှ လှူဒါန်းသည့် စက္ကူထုပ်များ လက်ခံရရှိပါကလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန

0 comments:

Post a Comment