Tuesday, June 9, 2020

Body Mass Index (BMI)မကိုက်ညီသော အဝလွန် ရဲတပ်ဖွဲ့ဝင်များ အချိန် ၄ လအတွင်း ဝိတ်လျော့ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားထား

သတ်မှတ်စံနှုန်းထက် ကိုယ်အလေးချိန် ကျော်လွန်နေသည့် Body Mass Index (BMI)မကိုက်ညီသော(ဗိုက်ပူနေသည့်) ရဲတပ်ဖွဲ့ဝင်များ အချိန်လေးလအတွင်း ကိုယ်အလေးချိန် လျော့ချရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ယင်းကဲ့သို့ ကိုယ်အလေးချိန် လျော့ချရန် မေလအလယ်ပိုင်းက ညွှန်ကြားထားပြီး အချိန်လေးလအတွင်း ဝိတ်မလျော့ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားသည်။
ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) (ခန္ဓာကိုယ် အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဥပမာ - အရပ်အမြင့် ငါးပေ လေးလက်မ ရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ သာမန် အနေအထားပင် ဖြစ်သည်။
“လေးလ အချိန်ပေးထားပါတယ်၊ မလုပ်ရင် ရဲစည်းကမ်းအရ အရေးယူမယ်လို့ ညွှန်ကြားထားတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်း ညွှန်ကြားချက်အတိုင်း လိုက်နာရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ များကို ထပ်ဆင့်ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ စမတ်ကျစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် နိုင်ငံတကာ စံနှုန်းအတိုင်း ဝိတ်လျော့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပါဝင်ကြောင်း သိရသည်။
ထိုကြောင့် အဝလွန် (ဗိုက်ပူ) သည့် ရဲတပ်ဖွဲ့ဝင်များကို ညနေပိုင်းတွင် အားကစားလုပ်ရန် အချိန်ပေးထားကြောင်း သိရသည်။
“ကျွန်တော်တို့က ညနေ လေးနာရီဆိုရင် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီးတော့ အဝလွန် (ဗိုက်ပူ) တဲ့ တပ်ဖွဲ့ဝင်တွေဆို ကိုယ်လက်ကြံ့ခိုင်ရေးပေါ့ ပြေးတာတို့ ဒိုက်ထိုးတာတို့ ခြင်းခတ်တာတို့ ဒါလေးတွေကို ဆောင်ရွက်နေတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက အားကစားလုပ်ရန် အချိန်ရသော်လည်း နယ်မြေရဲအများစုကမူ ရဲလုပ်ငန်းများ လုပ်နေရသည့်အတွက် အားကစားလုပ်ရန် အချိန်မရကြဟု ရဲတပ်ဖွဲ့ဝင်များအကြား ပြောဆိုနေကြသည်။
ယင်းသို့ ဝိတ်လျော့နိုင်ရေးအတွက် တစ်ရက်လျှင် နှစ်နာရီ (သို့မဟုတ်) သုံးနာရီခန့် အချိန်ပေးစေလိုကြောင်း အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အချိန်ပေးဖို့ လိုတာပေါ့၊ မပေးဘဲနဲ့ ဘယ်လို ဝိတ်ချရမှာလဲ”ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
ယင်းသို့ အဝလွန် (ဗိုက်ပူ) တပ်ဖွဲ့ဝင်များ ဝိတ်လျော့ရန် ညွှန်ကြားချက်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။
Source : ပြည်ထဲရေး #Myanmar_Online_News

0 comments:

Post a Comment