Monday, June 15, 2020

ဟားဗတ်ဆေးတက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လေ့လာချက် တရုတ်အစိုးရ ပယ်ချ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကျန်ခဲ့တဲ့ သြဂုတ်လတည်းက ကူးစက်နေခဲ့တာလို့ ပြထားတဲ့ ဆေးရုံ လူနာစာရင်းနဲ့ သတင်းအချက်အလက်တွေကို ကိုးကားထားတဲ့ ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ လေ့လာချက်ကို တရုတ်အစိုးရက ပယ်ချလိုက်ပါတယ်။
ကူးစက်မှု စချိန် ဘယ်အချိန်လဲဆိုတဲ့ သက်သေမရှိဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို တခြားသိပ္ပံပညာရှင်တွေက သုံးသပ်ဝေဖန်တာတော့ မလုပ်ရသေးပါဘူး။လေ့လာချက်မှာ ၂၀၁၉ နှောင်းပိုင်းမှာ ရောဂါသစ်ကို စတွေ့ခဲ့တဲ့ ဝူဟန်က ဆေးရုံရဲ့ ယာဉ်ရပ်နားစခန်းတွေကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ကိုးကား အသုံးပြုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်ကတော့ “သုတေသနဟာ အူကြောင်ကြောင်နိုင်တယ်။ ယာဉ်ကြောပိတ်ဆို့မှု ပမာဏလိုမျိုး ပေါ့ပေါ့တန်တန် အကဲခတ်ချက်ကို အခြေခံပြီး ဒါမျိုး ကောက်ချက်ချတာဟာ အလွန်အမင်းကို အူကြောင်ကြောင်နိုင်လွန်းတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အွန်လိုင်းမှာ ပြထားတဲ့ ဟားဗတ် သုတေသနထဲမှာ ၂၀၁၉ သြဂုတ်လကစပြီး ဆေးရုံ ယာဉ်ရပ်နားစခန်းမှာ ရပ်ထားတဲ့ ကားအရေအတွက် ဇယားက သိသိသာသာ တိုးနေတာ ပြထားပါတယ်။အီဒင်ဘာ့ဂ်တက္ကသိုလ် ဗိုင်းရပ်စ်ပိုးမွှားဗေဒပညာရှင် ပေါလ်ဒီဂါ့တ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစတင်ရာ ဝူဟန်မြို့က ဆေးရုံတွေကို အာရုံစိုက်ထားပြီး ဒီလေ့လာမှုက အညမည ဆက်နွှယ်မှုကို အားစိုက်ထားတယ်လို့ ပြောပါတယ်။
စခရစ်ပ် သုတေသနတက္ကသိုလ်က ညွှန်မှူး ဒေါက်တာအဲရစ်ခ်တိုပယ်ကတော့ ဒီသုတေသန နည်းလမ်းဟာ အင်မတန် သွယ်ဝိုက်ပြီး မတိကျလို့ အကျုံးမဝင်ဘူးလို့ ပြောပါတယ်။ သြစတြေးလျ အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ အရင်းအမြစ်ကို ရှာဖို့ နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ ဆော်သြခဲ့လို့ တရုတ်နဲ့ သြစတြေးလျ အစိုးရကြား တင်းမာမှု ပိုဆိုးလာနေပါတယ်။
ဒါကြောင့် သြစတြေးလျနိုင်ငံထဲက တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးကို စောင့်ရှောက်ပေးဖို့ တရုတ်အစိုးရက ဇွန် ၁၁ ရက်က တိုက်တွန်းပါတယ်။သြစတြေးလျနိုင်ငံထဲမှာ ရင်ဆိုင်ရနိုင်တဲ့ အချက်တွေကိုလည်း တရုတ်ကျောင်းသားတွေ ခရီးသည်တွေအတွက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Ref ; DVB

0 comments:

Post a Comment