Monday, June 15, 2020

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲဝင်မယ့် မြို့နယ်အဆင့် စာရင်းမှာ မပါသေး

လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲကို အရွေးခံမယ့် ကိုယ်စားလှယ်လောင်း အမည်အတွက် မြို့နယ်အဆင့် လျာထားစာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ မပါဝင်ဘူးလို့ ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ ထပ်မံရရှိတဲ့ အချက်အလက်နဲ့ ပါတီ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
NLD ကနေ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် အမည်စာရင်း မြို့နယ် အဆင့် လျာထားချက်ကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ရွေးချယ် သတ်မှတ်ခဲ့ကြတာပါ။
ဦးဖြိုးမင်းသိန်းက လက်ရှိ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ် ၂ ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အလုပ်အမှုဆောင်တွေနဲ့ မြို့မိ မြို့ဖအားလုံးက သူတို့ သဘောဆန္ဒ နဲ့ အဆိုပြု လွှာတင်ဖို့ စဉ်းစားခဲ့ကြတာသာ ဖြစ်တယ်လို့ လှည်းကူး မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်ကပြောပါတယ်။
ဒါပေမယ့် ပါတီက သတ်မှတ်ထားချက်အရ လျှောက်လွှာတင်ထားသူတွေထဲကသာ မဲပေးရွေးချယ်ရမှာဖြစ်ပြီး ခုလို လျှောက်လွှာမတင်သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မှုဟာ တရားမဝင်နိုင်ဘူးလို့ ပါတီအလုပ် အမှုဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီနေ့ အတူရှိနေတဲ့ NLD ပါတီက တာဝန်ရှိသူတွေကလည်း ဦးဖြိုးမင်းသိန်းက ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ အဆိုပြုခဲ့ခြင်းမရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ တိုင်းဒေသကြီး မဲဆန္ဒ ၂ အတွက် လျှောက်လွှာကို အချိန်ကပ်တင်ခဲ့ပြီး ဦးဖြိုးမင်းသိန်းဟာ ကိုယ်စားလှယ်ဦးစားပေး (၁) ဖြစ်သွားပြီလို့ လှည်းကူးမြို့ ကိုယ်စားလှယ်စာရင်း တင်သွင်းတဲ့ နေရာမှာ ရှိနေတယ် ဆိုတဲ့ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောခဲ့ပါတယ်။
ကော့မှူး မြို့နယ် ကိုယ်စားလှယ်လောင်း လျာထားချက် အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က မြို့နယ် ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ရှိတယ်လို့ ကော့မှူးမြို့နယ် အလုပ်အမှုဆောင်တစ်ဦးက ပြောခဲ့ပါတယ်။
ညနေပိုင်းမှာ ဘီဘီစီက တွေ့ရှိခဲ့ရတဲ့ စာရင်းမှာ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ဒေါ်အောင်ဆန်းစုကြည် အမည် မပါဝင် ဘဲ အခြား အမျိုးသမီး တစ်ဦး ရဲ့ အမည်ကို အဆိုပြုထားတာ တွေ့ရပါတယ်။
ဒီနေ့ မြို့နယ် အဆင့် အတည်ပြု ထားတဲ့ ရွေးကောက်ပွဲဝင်မယ့်စာရင်းမှာ သမ္မတ ဦးဝင်းမြင့်တော့ ပါဝင်ပြီး သူက တာမွေ မြို့နယ် ပြည်သူ့ လွှတ်တော်နေရာက ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။
Ref ; BBC

0 comments:

Post a Comment