Monday, June 15, 2020

ကျောင်းပြန်ဖွင့်ပါက ကျောင်းတိုင်းတွင် အရန်အခန်းလွတ်တစ်ခုထားရန် ညွှန်ကြား

အခြေခံပညာကျောင်းများ ပြန်ဖွင့်ပါက ကျောင်းတိုင်းတွင် အရန်အခန်းလွတ်တစ်ခန်းသီးခြားစီစဉ်ထားရှိရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ကျောင်းချိန်အတွင်း COVID-19 သံသယရောဂါလက္ခဏာရှိသော ကျောင်းသား၊ကျောင်းသူ ဆရာ၊ ဆရာမများ တွေ့ရှိပါကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာရောက်စစ်ဆေးမှု မပြုမီအထိ ၎င်းကို သီးခြားထားရန် ကျောင်းတိုင်းတွင် အရန်အခန်း လွတ်တစ်ခု စီစဉ်ထားရန် ညွှန်ကြားခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ‘‘စာသင်ခန်းတစ်ခန်းကို လူ ၂၀ နှုန်းနဲ့ အခန်းတွေ ခွဲရပါမယ်။ အဲဒီလို စာသင်ခန်းတွေ ခွဲပြီးရင် နောက်ထပ် အခန်းလွတ်တစ်ခု ပေါ့။ အကယ်၍ သံသယရှိတဲ့သူ တွေ့ရင် ကျန်းမာရေးက လာ မခေါ်ခင် တခြားသူတွေနဲ့ ရော မနေအောင် သူ့ကို သီးခြားထားရ မှာပေါ့။ အဲဒီအတွက် အခန်းတစ်ခု ကျောင်းတိုင်းသီးခြား ထားခိုင်း တာပါ’’ဟု ဆိုသည်။
နီးစပ်ရာကျန်းမာရေးဌာန နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဆေးရုံ၊ ဆေးခန်း တည်နေရာ၊ ဆရာဝန်၊ သူနာပြုများ၏ အမည်နှင့် ဖုန်းနံပါတ်များကို ရယူထားရန်နှင့် ကျောင်းချိန်အတွင်း COVID-19 သံသယရောဂါ လက္ခဏာရှိသောကျောင်းသား/သူ၊ ဆရာ၊ ဆရာမများတွေ့ရှိပါက သီးခြားအခန်း၌ ထားရှိနိုင်ရေး၊ နီးစပ်ရာကျန်းမာရေး ဌာနနှင့် ဆက်သွယ်သတင်းပို့နိုင် ရေး ကြိုတင်ပြင်ဆင်ထားရန် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများသို့ ညွှန်ကြား ထားသည်။
ကျောင်းများ ပြန်လည်ဖွင့် လှစ်ပါက ကျောင်းချိန်အတွင်း ကျောင်းသားကျောင်းသူနှင့် ဆရာ၊ ဆရာမများသည် မျက်နှာအကာ (Face Shield)၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန် ပညာရေးဝန်ကြီးဌာနက စည်းကမ်းသတ်မှတ် ထားသည်။ ထို့အပြင် စာသင်ကြားချိန်တွင် ကျောင်းသားကျောင်းသူ တစ်ဦးနှင့်တစ်ဦးအကြား ခြောက် ပေအကွာ နေရာချထားရန်၊ ဆရာအချင်းချင်း၊ ကျောင်းသားအချင်းချင်း၊ ဆရာနှင့် ကျောင်းသားအကြား ခြောက်ပေအကွာမှသာ ပြောဆိုဆက်ဆံရန်လည်း လမ်း ညွှန်ထားသည်။
အခြေခံပညာအထက်တန်း အဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး Social Distancing (ခပ် ခွာခွာနေထိုင်ခြင်း) လိုက်နာရန် ကျောင်းတက်ချိန်ကို ပုံစံလေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။
တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက် ကျောင်း ၂,၄၇၁ ကျောင်း၊ တစ် ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂,၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ကျောင်း၊ စုစုပေါင်း ၅,၆၃၃ ကျောင်းတွင် အထက်တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ ရက်တွင် စဖွင့်မည်ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်း လေးသောင်းကျော် ရှိသည်။ အထက်တန်းအဆင့် အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အခြားအတန်းများ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အ ပြီး နှစ်ပတ်အကြာ (သြဂုတ်ဒုတိယပတ်)တွင် အလယ်တန်းအဆင့် အတန်းများ ဖွင့်မည်ဖြစ်သည်။
အလယ်တန်းအဆင့်အ တန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ (သြဂုတ်တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်ရန် ပညာရေးဝန်ကြီးဌာန က စီစဉ်ထားသည်။
Ref ; 7Day

0 comments:

Post a Comment