Wednesday, June 24, 2020

နှစ်နိုင်ငံနယ်စပ်တွင် မြောက်ကိုရီးယားမှ ဝါဒဖြန့်ရန်အတွက် အသံချဲ့စက်များ ပြန်လည်တပ်ဆင်နေကြောင်းသိရ

ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက်တွေအပေါ် ထပ်မံချိုးဖောက်လိုက်မှုအဖြစ် မြောက်ကိုရီးယားက နယ်စပ်မှာ ဝါဒဖြန့် အသံချဲ့စက်တွေ ပြန်လည်တပ်ဆင်နေတာကြောင့် တောင်ကိုရီးယား စစ်တပ်ကလည်း ယင်းသို့ အလားတူတုံ့ပြန်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား စစ်တပ်သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
မြောက်ကိုရီးယား ပြည်ပြေးတွေရဲ့ ဝါဒဖြန့်လက်ကမ်းစာရွက်တွေ ကြဲချတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံတင်းမာမှု မြင့်တက်နေပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်က နယ်စပ်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပြောဆိုမှုတွေ အဆုံးသတ်ပြီဖြစ်ကာ စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
စစ်မဲ့ဇုန်အနီးမှာ မြောက်ကိုရီးယားစစ်တပ်က အသံချဲ့စက်တွေ တပ်ဆင်နေတာကို တွေ့ရပါတယ်။ ကိုရီးယားနှစ်နိုင်ငံအကြား ရန်စသည့် အပြုအမူလုပ်ရပ်များ ရပ်စဲကြရေး ၂၀၁၈ ခုနှစ် သဘောတူညီချက်အရ ယင်း ဝါဒဖြန့်စနစ်တွေ ဖြုတ်သိမ်းထားကြတာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်အရာရှိတစ်ဦးက ပြောဆိုပါတယ်။
မိမိတို့လည်း မိမိတို့ အသံချဲ့စက်တွေကို ပြန်တပ်ဆင်ဖို့ စဉ်းစားနေကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် မြောက်ကိုရီးယားဟာ အသံချဲ့စက်တွေကနေ ဘာမျှ ထုတ်လွှင့်ခြင်း မရှိသေးကြောင်း၊ ထုတ်လွှင့်လာပြီဆိုတာနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အသင့်စီစဉ်ထားရှိကြောင်း ၎င်းက ဆိုပါတယ်။
Ref : CNA
Crd : AKonThi

0 comments:

Post a Comment