Saturday, June 20, 2020

နေပြည်တော်တွင် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲအချို့အတွက် မြေကွက်ချထားပေးထားကြောင်း သိရပြီး မည်သည့်နှုန်းထားဖြင့် ချပေးသည်ကို မသိရှိရ

နေပြည်တော်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအတွက် မြေကွက် ၁၆ ကွက် ဖော်ထုတ်ပေးနေကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောကြားလိုက်သည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြေသုံးဧကတွင် ၁၆ ကွက်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူဖော်ထုတ်နေခြင်းဖြစ်သည်။ မြေကွက် ၁၆ ကွက်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဦးကျော်တင့်ဆွေတို့ပါရှိကြောင်း သမ္မတရုံးမှထုတ်ဖော်ပြောဆိုပြီး အခြားသူများကိုမူ မသိရှိရပေ။
‘‘ဒီလို နိုင်ငံရေးရာထူးယူ ထားတဲ့သူတွေ အငြိမ်းစားသွားတဲ့ အခါမှာ နိုင်ငံတော်က ချီးမြှင့်ပေးတဲ့အစဉ်အလာအတိုင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ရှင်းပြသည်။
ဥတ္တရသီရိမြို့သည် ညွှန်ချုပ်နှင့်အထက် ရာထူးကြီးများ၊ တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်များ အများဆုံးနေထိုင်ကြသည့် မြို့နယ်တစ်ခုဖြစ်သည်။ ပြည်ထောင်စုအဆင့်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုဝန်ကြီးနှင့်အထက် နိုင်ငံရေးရာထူးရှိသည့်သူများ လျှောက်ထားခြင်းကို သတ်မှတ်ဈေးနှုန်းနှင့် ချပေးခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်အကြီးအကဲများကို မည်သည့်နှုန်းထားဖြင့် ချပေးသည်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ အမြဲတမ်းအတွင်းဝန်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိရှိကြောင်းနှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးထံ မေးမြန်းရန် ပြောဆိုခဲ့ သည်။ 7Day News သတင်းစာ အနေဖြင့် ဒုမြို့တော်ဝန်ထံ ဆက် သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
ဥတ္တရသီရိမြို့နယ်ရှိ နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်များကို မြေနေရာချပေးထားသည့်နေရာသည် ပေ ၁၀၀ ပတ်လည်လျှင် ပျမ်းမျှ ကျပ်သိန်း ၈ဝဝ အထိရှိပြီး လမ်းမကြီး၊ လမ်းကြားအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုသာရှိ ကြောင်း ဇေယျာ အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်း ဒါရိုက်တာ ဦးနန္ဒကျော်က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးများ နှင့် ဒုဝန်ကြီးများ မြေနေရာ လျှောက်ထားလာပါကလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို တင်ပြကာ ထပ်မံချပေးသွား မည်ဖြစ်၍ အကွက်များဖော်ထုတ် နေကြောင်း ဦးဇော်ဌေးက ပြော သည်။ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် အချက်လက်များသည် ချဲ့ကားထားပြီး မြေဧကအကျယ် အဝန်းများကို ပေ ၇၀၀၊ ၈၀၀ တို့သည် လေးဆ၊ ငါးဆနီးပါး ပို၍ အချက်လက်မှားများကို ရေးသားထားခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။
သမ္မတနှင့် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်အဆင့်ဖြစ်ပါက ပေ ၄ဝဝ ပတ်လည်၊ ပြည်ထောင် စုဝန်ကြီးအဆင့် ပေ ၃ဝဝ ပတ်လည်၊ ဒုဝန်ကြီး ပေ ၂၅ဝ ပတ်လည်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် ပေ ၁ဝဝ ပတ်လည်အထိ သတ်မှတ်၍ မြေနေရာချပေးကြောင်း ဦးဇော်ဌေးက ပြောသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေကွက်သာချပေး၍ မြေနေရာပြုပြင်ပေးခြင်းသာ ဆောင် ရွက်ပေးပြီး ခြံစည်းရိုးခတ်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းသည် မြေနေရာလျှောက်ထားသူများသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
‘‘၂၀၂၀ ရွေးကောက်ပွဲနီး လာချိန်မှာ Disinformation ကမ်ပိန်းလုပ်တဲ့ သဘောပေါ့၊ အခုလည်း လုပ်နေသလို နောက်လည်း ဆက်တိုက်ဆက်တိုက် လုပ်လာဖို့ရှိပါတယ်။ ဒါတွေက နိုင်ငံရေး ရည်ရွယ်ချက်နဲ့တော့ လုပ်တာလို့မြင်တယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံရေးသမားများသည် စီးပွားရေးသမားများလိုမဟုတ်ဘဲ ၎င်းတို့သည် ဆင်းဆင်းရဲရဲနေထိုင်ရမည်ဟု အဓိပ္ပာယ်မျိုးဖြင့် အစွန်းမရောက်စေဘဲရသင့်ရထိုက်ပြီး ထိုက်သင့်သည့်ဈေးနှုန်းဖြင့် လိုအပ်သည့် ပမာဏဖြင့် ဝယ်ယူခြင်းမျိုးဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသီဟသွေးကပြော သည်။
‘‘လိုအပ်လို့ယူတာမျိုးဆိုရင် တော့သိပ်ပြီး ပြဿနာမရှိဘူးလို့ ထင်တယ်။ မလိုအပ်ဘဲနဲ့ကြွယ်ဝ လိုတဲ့ဆန္ဒကြောင့် မြေကွက်တွေ အများကြီး အရင်တုန်းကအစိုးရ တွေလိုမျိုး တိုက်ခန်းတွေ၊ မြေ ကွက်တွေရသလို ယူကြရင်တော့ တစ်မျိုးပေါ့’’ဟု ၎င်းကဆိုသည်။
ထိုသို့ နိုင်ငံတော်အကြီးအကဲများထဲမှ လုပ်ပိုင်ခွင့်အာဏာအသုံးချ၍ မရသင့်မရထိုက်သည့် သူမျိုးများက ကြွယ်ဝချမ်းသာလို၍ ရယူခြင်းကမဖြစ်သင့်ဘဲ အမှန်တတယ်လိုအပ်သည့်သူမျိုးများသာရယူသင့်ကြောင်း ဦးသီဟသွေးကပြောသည်။
‘‘စံပြဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ သတိထားပြီး လက်ရှောင်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါမှမဟုတ်ပြည်သူလူထုကို သေသေချာချာရှင်းပြပေါ့။ လူတိုင်းယူတာမဟုတ်ဘူး။ လိုသလောက်ပဲယူတာမျိုး၊ ယူကတည်းက အသံကထွက်တာတော့ မကောင်းတော့ဘူးပေါ့’’ဟု ၎င်းက သုံးသပ်သည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လရောင်တောစီမံကိန်းအတွက် ဓာတုလွတ်စိုက်ခင်း၊ စိုက်ပျိုးမှု ပညာပြခန်းများပြုလုပ်ရန် တင်ပြလာခြင်းကြောင့် တစ်ဧက ကျပ် သိန်း ၅၀ နှုန်းဖြင့် မြေ ၂၃ ဧက ကျော်အား ဂရန်ထပ်မံချပေးထား ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမြဲ တမ်းအတွင်းဝန်က ပြောကြား ထားသည်။
၂၀၁၈ ခုနှစ်က ဥတ္တရသီရိ မြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် တစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် မြေဧက ၉၀ ကျော်ကို ဝယ်ယူထားမှုလည်း ရှိသည်။
လရောင်တော သင်တန်းကျောင်းတွင် ပြည်တွင်းသဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ပြည်တွင်းပဋိပက္ခများကြောင့် ဒုက္ခရောက်နေသော စစ်ရှောင်ပြည်သူများ၊ တိုင်းရင်းသားမိသားစုများ၊ ဒေသခံများမှ အတန်းပညာဆုံး ခန်းတိုင်အောင် သင်ကြားခွင့်မရကြသည့် လူငယ်လူရွယ်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများ၊ ဥယျာဉ်မှူးများ မွေးထုတ်ခြင်းနှင့် သက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်တို့ရရှိမည်ဖြစ်ကြောင်း ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း အလုပ်မှု ဆောင်ကော်မတီဝင် ဒေါက်တာ သန့်သော်ကောင်းက ပြောကြားထားသည်။
Crd : 7Day

0 comments:

Post a Comment