Saturday, June 20, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ယခင်မဲဆန္ဒနယ်ဟောင်းမှာပင် ဝင်ပြိုင်မည်ဖြစ်ကြောင်းသိရ

ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ မဲဆန္ဒနယ်ဟောင်းကပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ သူကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဘားအံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စားရင်းပေးသွင်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဥက္ကဌလည်း ဖြစ်တာပါ။
ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒီချုပ်ပါတီဝင် ဝန်ကြီးနဲ့ ကိုယ်စားလှယ်တွေအများစုဟာ သူတို့ရဲ့မဲဆန္ဒနယ်ဟောင်းမှာပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ ကရင်ပြည်နယ် NLD ပါတီအတွင်းရေးမှူး နိုင်ထွန်းချစ်ကပြောပါတယ်။
ဒါပေမယ့် ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်သူကတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းလျှောက်ထားတာမရှိဘူးလို့ နိုင်ထွန်းချစ်ကဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့မှာ ပညာရှင်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ လျှပ်စစ်နဲ့စက်မှုဝန်ကြီးတို့နှစ်ဦးဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့စာရင်းပေးထားတာမရှိဘူးလို့ ပြည်နယ်ပါတီအတွင်းရေးမှူးထံကနေ သိရပါတယ်။
ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌကတော့ မဲဆန္ဒနယ်ဟောင်းမှာပဲဝင်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လူမှုရေးဝန်ကြီးဖြစ်သူကတော့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်မှာ ဝင်ပြိုင်ဖို့စာရင်းပေးထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ကိုယ်စားလှယ်လောင်းနေရာအတွက် လာရောက်လျှောက်ထားသူဦးရေက ၁၁၀ ဦး ရှိတယ်လို့ ပြည်နယ် NLD ထံကနေ သိရပါတယ်။
Crd : 7Day

0 comments:

Post a Comment