Tuesday, June 23, 2020

၂ နှစ်နီးပါး ဆိုင်းငံ့ထားသည့် အပစ်ရပ်စောင့်ကြည့်ရေး အစည်းအဝေးကျင်းပရန် သဘောတူ

NCA လမ်းကြောင်းပေါ်မှ လက်နက်ကိုင်အဖွဲ့အစည်းအချို့ ယာယီနုတ်ထွက်မှု အပါအဝင် Covid-19 ဖြစ်ပွားမှုကြောင့် ၂ နှစ်နီးပါးကြာ ဆိုင်းငံ့ထားရသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အစည်းအဝေးကို ဇူလိုင်လ ပထမပတ်အတွင်း ပြန်ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဇွန် ၂၂ ရက်တွင် သဘောတူခဲ့ကြသည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် NCAလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ (NCA-S EAO)၏ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ.့တို့၏ ညှိနိုင်းအစည်းအဝေးအား ဇွန်လ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ပြုလုပ်ခဲ့သည်။
"ဒီနေ့ သဘောတူညီချက်တွေထဲမှာ JMC - U အစည်းအဝေး ကို ဇူလိုင်လ ၇ ၊ ၈ ရက်မှာ ကျင်းပဘို့ ရာထားခဲ့ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထဲက အဆင်ပြေတဲ့ နေ့တစ်နေ့ပါ" ဟု ဆွေးနွေးပွဲ၌ အစိုးရကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သော ဦးလှမောင်ရွှေက ပြောသည်။
ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)အစည်း အဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ရာ မကျင်းပနိုင်သည်မှာ ၁ နှစ် နှင့် ၁၀လ ကြာပြီဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အပါအဝင် အစိုးရထိပ်သီးခေါင်းဆောင် ၁၀ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင် ၁၀ ဦးတို့က ငြိမ်းချမ်းရေးဆိုင်ရာတစ်ဆို့မှုများအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင် နေပြည်တော်၌ ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိမ်းစောင်းသွားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကရင်အမျိုးသား အစည်းအရုံး(KNU)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မှုကို ယာယီရပ်နားခဲ့သည်။ထို့အပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ကလည်း အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းစဉ်အပေါ် အယုံအကြည်မရှိဟု ဆိုကာ JMC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။
KNU နှင့် RCSS တို့သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးအဖွဲ့အစည်းများဖြစ်၍ အစိုးရ၏ငြိမ်းချမ်းရေးယန္တရားသည် လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့ပြီးနောက် အလွတ်သဘောတွေ့ဆုံပွဲများမှတစ်ဆင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင်နေပြည်တော်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို တရားဝင် ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ယင်းအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က ဦးဆောင်ခဲ့သည်။
အစည်းအဝေးက JMC ကို နှစ်လအတွင်းခေါ်ယူရန် ဆုံးဖြတ်ခဲ့သော်လည်း မတ်လအတွင်းမြန်မာနိုင်ငံ၌ Covid-19 ရောဂါပိုး စတင်တွေ့ရှိရာမှ အစည်းအဝေးကို ဆိုင်းငံ့ခဲ့ရပြန်သည်။
Crd : Myanmar Time #Myanmar_Online_News

0 comments:

Post a Comment